ဆေးခြောက်တရားဝင်သုံးစွဲခွင့်ရရှိရေးလှုပ်ရှားမှု ရန်ကုန်တွင် လူငယ်များဦးဆောင်ပြုလုပ်
ပြည့်ဘုန်းအောင်
·
November 12, 2019
မြန်မာနိုင်ငံမှာ ဆေးခြောက်တရားဝင်သုံးစွဲခွင့်ရရှိရေး လှုပ်ရှားမှုတခုကို နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်ခဲ့ပါတယ်။
ဆေးခြောက်တရားဝင်ဖြစ်မြောက်ရေးအတွက် မျက်နှာဖုံးတွေတပ်ဆင်ထားတဲ့ လူငယ် ၁၀၀ လောက်က ဆိုင်းဘုတ်ကိုင်ဆောင်၊ မီးပုံးပျံတွေလွှတ်တင်ပြီး မြို့တော်ခန်းမရှေ့အထိ ချီတက်ကာ လူစုခွဲခဲ့ကြပါတယ်။
ဆေးခြောက်ဟာ မူးယစ်ဆေးဝါးမဟုတ်ဘူးဆိုတာကို ကိုယ်နဲ့အနီးစပ်ဆုံး ဖုန်းတွေ အင်တာနက်တွေကတောင် လေ့လာလို့ရနေကြောင်း၊ ဆေးပညာရှုထောင့်အပြင် စီးပွားရေး အနေနဲ့လည်း အခြားနိုင်ငံတွေမှာ ဘယ်လိုအခြေအနေတွေ ဖြစ်နေပြီဆိုတာ လေ့လာလို့ရကြောင်း၊ ဆေးခြောက်ကို တခြားမူးယစ်ဆေးဝါးတွေနဲ့ တတန်းထဲ သတ်မှတ်လို့မရကြောင်း၊ လာရောက်ဝန်းရံတဲ့ လူငယ်တွေက ပြောပါတယ်။
ဆေးခြောက်တရားဝင်သုံးခွင့်ရရှိရေး လူထုလှုပ်ရှားမှုကိုတော့ ရန်ကုန်မြို့မှာ နိုဝင်ဘာ ၁၀ ရက်နေ့က စတင်ပြုလုပ်ခဲ့ပြီး မြို့ထဲခန်းမရှေ့မှာ ပြုလုပ်ခဲ့တဲ့ လှုပ်ရှားမှုကိုတော့ လူအများအပြား လာရောက်ဝန်းရံခဲ့ကြကာ ရန်ကုန်မြို့အပြင် တခြားနေရာ ဒေသတွေမှာပါ ဆေးခြောက် အထိမ်းအမှတ် မီးပုံးတွေ လွှတ်တင်ခဲ့ပါတယ်။
Photo - Mar Naw / MPA