မြန်မာအလုပ်သမား ၁၀၀ ကျော်ကို ထိုင်းတာဝန်ရှိသူများ ကော့သောင်းပြန်ပို့
DVB
·
November 9, 2019
ထိုင်းနိုင်ငံအတွင်း အထောက်အထား မခိုင်လုံတာကြောင့် ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမား ၁၀၀ ကျော်ကို ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကနေတဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့ကို နိုဝင်ဘာလ ၈ ရက်နေ့က ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။
ပြန်ပို့လာတဲ့ ရွှေ့ပြောင်းအလုပ်သမား ကျား ၉၅ ဦး၊ မ ၁၃ ဦး၊ ကလေး ၂ ဦး၊ စုစုပေါင်း ၁၁၀ ဦးကို ထိုင်းတာဝန်ရှိသူတွေက မြန်မာဘက်ခြမ်း ကော့သောင်းကို ပြန်လည်ပို့ဆောင်ပေးခဲ့တာပါ။
မြန်မာအလုပ်သမား မနီနီက “ကျမတို့မှာ ယာယီအစိမ်းရောင် CI စာအုပ်လည်းရှိ၊ အလုပ်လုပ်ခွင့်လက်မှတ်လည်း ရှိ၊ ဆေးကုသခွင့် ဆေးရုံဘတ်လည်း ရှိပါတယ်။ ဖူးကစ်က အလုပ်ရုံဟောင်းမှာ တနှစ်ကျော်လုပ်ပြီး ကားတပ်ဆင်အလုပ်ရုံက အလုပ်သမား လျှော့တဲ့အတွက် အလုပ်ရုံသစ်ကို ဝင်လုပ်တာ ၃ ရက်ပဲ ရှိပါသေးတယ်။ လိုအပ်တဲ့ အလုပ်အဝင်အထွက် စာရွက်စာတမ်းတွေ ဆောင်ရွက်နေချိန်မှာ ရဲတွေက ဝင်ရောက်စစ်ဆေးပြီး အလုပ်ရှင်မတူဘူးဆိုပြီး ရဲဌာနက ဖမ်းဆီးပြီး တရားရုံးတင်ခဲ့ပါတယ်။ ဖူကစ်တရားရုံးက အလုပ်ရှင် မတူညီတဲ့အတွက်ကြောင့် ဒဏ်ငွေ ၂၀၀၀ ဘတ် ချမှတ်ပါတယ်။”
ပြန်လည် ရောက်ရှိလာတဲ့သူတွေကို စနစ်တကျ စာရင်းကောက်ယူပြီး နေရပ်ပြန်နိုင်ဖို့ သက်ဆိုင်ရာတွေက မော်တော်ယာဉ်တွေ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။
လတ်ကိုကိုဦး