သိန္နီ-ကွမ်းလုံ ကားလမ်းပေါ် ယာဉ်နှစ်စီးတိုက်မိ၊ ၁ ဦး သေဆုံး
DVB
·
November 3, 2019
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီ-ကွမ်းလုံ ကားလမ်းပေါ်မှာ နိုဝင်ဘာ ၂ ရက် မွန်းလွဲပိုင်းက ယာဉ်နှစ်စီး တိုက်မိတာကြောင့် ၁ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ကွမ်းလုံကနေ သိန္နီကို ကျော်လင်း မောင်းနှင်လာတဲ့ 7H/×××× Fuso ၁၂ ဘီးယာဉ်ဟာ သိန္နီမြို့နယ် မိုင်းပွန်ရွာအနီး အဲဒီလမ်းပေါ်မှာ အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောက ဦးသန်းတင့်စိုး မောင်းနှင်လာတဲ့ 9H/×××× Wish ယာဉ်ကို ဝင်တိုက်မိခဲ့တာလို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
ယာဉ်တိုက်မှုကြောင့် ဦးသန်းတင့်စိုး မောင်းနှင်လာတဲ့ ယာဉ်ပေါ်က အသက် ၃၄ အရွယ် ဦးရန်ဖိန်းရင် ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရသူ ၄ ဦးထဲက ၂ ဦး အခြေအနေစိုးရိမ်ရပြီး သိန္နီမြို့ပြည်သူ့ဆေးရုံကို တင်ပို့ထားတယ်လို့ သိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ ယာဉ်မောင်း ကျော်လင်းကို နမ့်စလပ်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ နဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။