အင်းတော်ကြီးအိုင်သို့ ဆောင်းခိုငှက်များ ပိုမိုဝင်ရောက်
DVB
·
November 3, 2019
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်က အင်းတော်ကြီးအိုင်ကို ဆောင်းခိုငှက်တွေ ဝင်ရောက်လာတာဟာ အခုရက်ပိုင်း ပိုများလာတယ်လို့ အင်းတော်ကြီးဒေသ တောအုပ် ဦးကျော်ဇင်ထွန်းက ပြောပါတယ်။
“ဆောင်းခိုငှက်တွေက ၉ လပိုင်း နောက်ဆုံးပတ်ကစပြီး ရောက်လာတယ်။ သူတို့က လာရင် အုပ်စုဖွဲ့ပြီးလာတာ မဟုတ်ဘူး။ နည်းနည်းစီ ရောက်လာတာ။ ဆယ်ပိုင်း၊ ရာပိုင်းလောက်ပေါ့။ သင်္ကြန်တွင်းဆို အကောင် ၁၀၀ လောက်ပဲ ကျန်မယ်။ ၄ လပိုင်းကုန်ရင် တကောင်မှ မကျန်တော့ဘူး။” ဟုသူက ဆိုပါတယ်။
အင်းတော်ကြီးအိုင်မှာ ရေဘဲ၊ စင်ရော်၊ တင်ကျီး(အကြီး)၊ ကြိုးကြာခေါင်းမဲ စတဲ့ငှက်တွေရှိပြီး ဆောင်းကာလမှာ ဆောင်းခိုငှက်မျိုးစိတ်ပေါင်း ၃၇ မျိုးမှ ၄၅ မျိုးလောက်အထိ ရှိတယ်လို့ သိရပါတယ်။
မှတ်တမ်းသစ်အရ ရေဘဲမျိုးစိတ် Common Goldeneye နဲ့ စင်ရော်မျိုးစိတ် LesserBlack -Backed Gull တို့ကို တွေ့ရတယ်လို့ ဆိုပါတယ်။
အရင်နှစ်က စင်ရော် အကောင် နှစ်သောင်းကနေ သုံးသောင်းတထောင်ကျော် တိုးလာတဲ့အတွက် အခုနှစ်မှာ အကောင်ရေ တသောင်း ပိုများလာတယ်လို့ သိရပါတယ်။
ဆောင်းခိုငှက်တွေဟာ ရုရှား၊ တရုတ်နိုင်ငံမြောက်ပိုင်း၊ မွန်ဂိုရေခဲတောင်ဒေသ၊ တိဘက်၊ ဆိုက်ဘေးရီးယားလွင်ပြင်ဒေသတွေကနေ အများဆုံး ရောက်လာတာပါ။
ခင်သန်းညွန့်