မူးယစ်ဆေးဝါးအန္တရာယ် မွန်လူငယ်များလှည့်လည် လှုံ့ဆော်
DVB
·
November 1, 2019
မူးယစ်ဆေးဝါးအန္တရာယ်ကို ပြည်သူတွေသတိထားမိလာစေဖို့ မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ နို၀င်ဘာ ၁ ရက်မနက်ပိုင်းက မွန်လူငယ်တွေ ရေးမြို့အတွင်း လှည့်လည်လှုံ့ဆော်ခဲ့ကြပါတယ်။
အဲဒီလှုံ့ဆော်မှုကို မွန်ဒေသရပ်ရွာဖွံ့ဖြိုးရေးအဖွဲ့နဲ့ ရေးမွန်လူငယ်ကွန်ရက်တို့ ပူးပေါင်း အင်အား ၂၀၀ လောက်နဲ့ မူးယစ်ဆေးဝါးဆန့်ကျင်ရေးဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ ဆိုင်ကယ်တွေနဲ့ မြို့တွင်း လှည့်လည်ခဲ့ကြတာပါ။
ဦးဆောင်သူ ရေးမြို့နယ် မွန်လူငယ်ကွန်ရက်တာဝန်ခံ နိုင်မြင့်ထွန်းက “မူးယစ်ဆေးဝါး လျှော့ချရေးဆိုင်ရာလှုပ်ရှားမှုတရပ် အနေနဲ့ဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ မူးယစ်ဆေး ပြဿနာတွေ ကို ပြည်သူတွေ သိရှိနားလည်စေဖို့ ရည်ရွယ်ပြုလုပ်တာပါ၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ လာဘ်စားမှုတွေရှိနေသလို ဆေးကြောင့် သုံးစွဲသူတွေ ပြည်သူတွေ ထိခိုက်နစ်နာမှုတွေ ကြုံတွေ့နေ ရလို့ သတိပြုမိလာအောင်ပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။
မွန်လူငယ်တွေက မူးယစ်ဆေးဝါးဆန့်ကျင်ရေး တေးသီချင်းတွေကိုသီဆိုကာ မူးယစ် ကုန်သွယ်ဖြန့်ဖြူးသူကို ဥပဒေနဲ့အညီ ထိထိရောက်ရောက်အရေးယူပေးရေး၊ အနာဂါတ်လူငယ်များ ပြန်လည်ထူထောင်ရေးကူညီပေး၊ မူးယစ်အန္တရာယ်လျော့ကျဖို့ ဝိုင်းဝန်းကူညီကြပါစို့၊ မူးယစ်ဆေး ကြောင့် ငြိမ်းချမ်းရေးမထိခိုက်ပါစေနဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်လှည့်လည်ခဲ့ကြပါတယ်။
နိုဝင်ဘာ ၁ ရက်နေ့ညပိုင်းမှာတော့ ရေးမြို့၊ မွန်ဓမ္မာရုံမှာ မူးယစ်ဆေးဝါးဆန့်ကျင်ရေး ပညာပေးဇာတ်လမ်းတွေ၊ စကားရည်လုပွဲတွေနဲ့ အမေးအဖြေကဏ္ဍအပါအဝင် ရိုးရာယဉ်ကျေး မှုအကတွေ ကပြဖျော်ဖြေသွားဖို့ ရှိပါတယ်။
ရေးမြို့နယ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအနေနဲ့ ၂၀၁၈ ခုနှစ်မှာ ၈၅ မှု၊ တရားခံ ကျား/မ ၁၁၉ ဦးနဲ့ အခုနှစ် စက်တင်ဘာလအထိ အမှုပေါင်း ၈၀ ၊ တရားခံ ကျား/မ ၁၁၄ ဦးတို့ကို ဖမ်းဆီးအရေးယူခဲ့ပြီး မူးယစ်ဆေးကြောင့် ဆေးကြောင်ပြီး ဓားနဲ့ခုတ်မှု ၂ မှုဖြစ်ပွားခဲ့ကာ လူ ၁ ဦး သေဆုံးခဲ့ပါတယ်။
သတင်း/ဓါတ်ပုံ - ဝင်းနိုင်သက်