Home
မြန်မာသတင်း
ဂျိုင်း(ကော့ကရိတ်)တံတားသစ် ပန္နက်တင်  
DVB
·
October 31, 2019
အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်မှာရှိတဲ့ ဂျိုင်း(ကော့ကရိတ်)တံတားကို ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းကျေးရွာအနီးမှာ အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းက စတင် ပန္နက်တင်ပါတယ်။  ဒီတံတားစီမံကိန်းဟာ တခြားတိုင်းပြည်တွေနဲ့ ပိုမိုခိုင်မြဲတဲ့စီးပွားရေးချိတ်ဆက်ရာမှာ အရေးကြီးတဲ့စီမံကိန်းဖြစ်သလို မွန်နဲ့ ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်နိုင်ရုံ သာမက လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာမယ်လို့ အခိုင်အမာယုံကြည်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီး ဦးဟန်ဇော်က ဒီကနေ့ တံတားသစ် ပန္နက်တော်တင်တွင်း တော်ဝန် မင်္ဂလာအခမ်းအနားမှာ ပြောပါတယ်။ တံတားတည်ဆောက်ရေး စီမံကိန်းကို မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေအကြား သယ်ယူ ပို့ဆောင်ရေး ပိုမိုကောင်းမွန်လာစေဖို့နဲ့ စင်္ကြံလမ်းမကြီးနဲ့ ချိတ်ဆက်နေတဲ့ မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်စတဲ့ အာဆီယံနိုင်ငံတွေအကြားမှာ စီးပွားရေးနဲ့ ကုန်သွယ်ရေး ဖွံ့ဖြိုး တိုးတက်လာတာနဲ့ အမျှယာဉ်အစီးရေများပြားလာတာတွေကို အဆင်ပြေစေဖို့ အဓိကရည်ရွယ်ပြီး တံတား တည်ဆောက်တာပါ။ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ဒေါ်နန်းခင်ထွေးမြင့်က “ဒီမှာလာပြီ တံတား တည်ဆောက်တဲ့သူတွေရဲ့ လုံခြုံရေး၊ စားဝတ်နေရေးအတွက် အခက်အခဲအားလုံးကို ကျမတို့ဒေသခံတွေက ဝိုင်းဝန်းကူညီပံ့ပိုး ပေးကြပါ”လို့ ပြောပါတယ်။ လက်ရှိ ဂျိုင်း(ကော့ကရိတ်) ကြိုးတံတားဟာ တံတားခံနိုင်ဝန်လျော့နည်းလာတဲ့အတွက် ယာဉ်နဲ့ကုန် ၁၃ တန်အထိသာ ဖြတ်သန်းသွားလာခွင့်ပြုထားပြီး ၁၃ တန်အထက်ယာဉ်တွေကို တံတားအောက်ရှိ ပွန်တွန်တံတားပေါ်ကနေ ယာဉ်နဲ့ကုန် တန် ၆၀ အထိ ဖြတ်သန်းသွားလာခွင့် ပြုထားပါတယ်။ တံတားအမျိုးအစားမှာ ၄ လမ်းသွား ကြိုးတံတားအမျိုးအစားဖြစ်ပြီး ဂျပန်အင်ဂျင်နီယာ တွေက ဂျပန်နည်းပညာအတိုင်း ၂၀၂၁ အပြီးတည်ဆောက်သွားမှာဖြစ်ကာ အရှေ့-အနောက် စီးပွားရေး စင်္ကြံလမ်းမပေါ်မှာရှိတဲ့ တံတား ၃ စင်း အဆင့်မြှင့်တင်တဲ့ စီမံကိန်းရန်ပုံငွေကနေ ဂျပန်ယန်းငွေ ၆ ဒသမ ၈ ဘီလီယံအကုန်အကျခံ တည်ဆောက်သွားမှာဖြစ်ပါတယ်။ အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမပေါ်မှာရှိတဲ့ ဂျိုင်း (ဇာသပြင်)နဲ့ အတ္ထရံတံတား ၂ စင်းကို အဆင့်မြှင့်တင်တည်ဆောက်ရေးအတွက် ကန်ထရိုက်ခေါ်ယူခြင်းလုပ်ငန်းတွေကို ဆောင်ရွက်နေသလို မကြာမီတည်ဆောက်ရေးလုပ်ငန်းတွေ စတင်နိုင်တော့မယ်လို့ ပြည်ထောင်စု ဝန်ကြီးက ပြောပါတယ်။ သတင်း- ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024