ရသေ့တောင်တွင် တိုက်ပွဲများကြောင့် ဒဏ်ရာရ မိန်းကလေး ၂ ဦးအား ကယ်ထုတ်ရန် ခက်ခဲနေ
DVB
·
October 31, 2019
တပ်မတော်နဲ့ အေအေတို့အကြား အောက်တိုဘာလ ၃၀ ရက်နေ့ကဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်ရံကျေးရွာနဲ့ ငစံဘော်ကျေးရွာတွေက ဒဏ်ရာရ မိန်းကလေး ၂ ဦးကို ကယ်ထုတ်ဖို့ ခက်ခဲနေတယ်လို့ ရသေ့တောင် ကြက်ခြေနီ တပ်ဖွဲ့မှူးက ပြောပါတယ်။
အသက် ၁၃ နှစ်ရွယ် ပဉ္စမတန်းကျောင်းသူ မနှင်းချေဟာ ကျောက်ရံကျေးရွာအနီးမှာ ကျည်ထိမှန်ခဲ့ပြီး တိုက်ပွဲဆက်လက်ဖြစ်နေတာကြောင့် ကယ်ထုတ်ဖို့ ခက်ခဲနေတာပါ။
ရသေ့တောင်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးလှကျော်က "အခု ကားလမ်းနဲ့သွားလို့ အဆင်မပြေ တော့ဘူး။ ကျောက်တန်းမှာ မနေ့ မနက်က တိုက်ပွဲဖြစ်နေတယ်။ ဒဏ်ရာရရှိတဲ့ကလေးမလေးက စိုးရိမ်စရာအနေအထားမှာ ရှိတယ်။ ရေကြောင်းနဲ့ သွားဖို့ စစ်တွေက ICRC စပိဘုတ်ကို အကူအညီခေါ်ထားပါတယ်။ အချိန်တော့ ကြန့်ကြာနိုင် ပါတယ်"လို့ ပြောပါတယ်။
ငစံဘော်ကျေးရွာမှာလည်း မိန်းကလေးတဦး ဒဏ်ရာရထားပြီး ကယ်ထုတ်ဖို့ ခက်ခဲ နေတယ်လို့ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။
"ICRC ကို အကြောင်းကြားထားပါတယ်။ ကျောက်ရံကျေးရွာက မိန်းကလေးက ဒဏ်ရာ ပြင်းထန်တယ်။ ငစံဘော်ကျေးရွာမှာလည်း ဒဏ်ရာရထားတဲ့ နောက်မိန်းကလေးတယောက် ရှိပါသေးတယ်။ သူတို့ကို ကယ်ထုတ်ဖို့တော့ လုပ်ဆောင်နေပါတယ်။"
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အခုရက်ပိုင်းအတွင်း ဒေသခံတချို့ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။
ကောင်းကောင်း