ရွှေပြည်သစ်ကားပေါ်ပါ အရပ်သားခရီးသည် ၁၂ ဦးကို အေအေ ပြန်လွှတ်ပေး
DVB
·
October 29, 2019
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ ခုလဆန်းပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ခရီးသည် ၁၂ ဦးကို အောက်တိုဘာ ၂၈ ရက် မနက်က ပြန်လွှတ်ပေးလိုက်ပြီလို့ ရက္ခိုင့်တပ်တော်(အေအေ)က ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်က မြောက်ဦးမြို့ထမင်းရာဇ်ရပ်ကွက်အနီး ရွှေပြည်သစ်ယာဉ်ပေါ်လာတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးအပါအဝင် အေးရှားဝါးကုမ္ပဏီဝန်းထမ်း ၈ ဦးနဲ့ ကားပေါ်မှာပါလာတဲ့ခရီးသည် စုစုပေါင်း ၃၁ ဦးတို့ အေအေက ဖမ်းဆီးသွားခဲ့တာပါ။
အဲ့ဒီအထဲမှာ ၁၂ ဦးဟာ လက်ရှိစစ်ဆေးချက်အရ အရပ်သားသားစစ်စစ်တွေဖြစ်တာကြောင့် အခုလိုပြန်လွှတ်လိုက်တာဖြစ်ပြီး မီးသတ်အမှုထမ်းတွေကိုတော့ လုံခြုံရေးအပေါ်မှာမူတည်ပြီး ပြန်လွှတ်ပေးမယ်လို့ အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုက ပြောပါတယ်။
“ရွှေပြည်သစ်ကားပေါ်ကနေပြီး ယာယီထိန်းသိမ်းခဲ့တဲ့သူတွေထဲက အရပ်သားစစ်စစ်တွေ ၁၂ ယောက်ပေါ့နော်။ အဲ့ဒီမှာ ပန်းရံ ဆရာ ၉ ယောက်ရယ်၊ နောက်ပြီးကားသမား ၃ ယောက်ရယ် ပေါ့နော်။ သူတို့ ကျနော်တို့ ကောင်းကောင်းမွန်မွန်ပဲပြန်လွှတ်ပေး လိုက်ပါတယ်။ သူတို့ကတော့ အားလုံးဗမာလူမျိုးတွေဖြစ်တယ်။ သူတို့က စစ်ဘက်နဲ့ဘာမှ ပတ်သတ်မှုမရှိတဲ့အတွက်ကြောင့် ကျနော်တို့ကသူတို့ကို လုံလုံခြုံခြုံနဲ့ လွှတ်ပေးလိုက်တာဖြစ်တယ်ခင်ဗျ၊ ကျန်တဲ့ မီးသတ်သမားတွေကိုတော့ လုံခြုံတဲ့အနေအထားအပေါ်မှုတည်ပြီး တော့ပြန်လွှတ်ပေးဖို့ အစီစဉ်တော့ရှိတယ်”
အေအေက လွှတ်ပေးလိုက်သူ ၁၂ ယောက်ဟာ အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းမှာ ရန်ကုန်- စစ်တွေ ဘူးရွက်မညှိုး ကျေးရွာအနား ကားလမ်းမပေါ်မှာတွေ့ရှိခဲ့တာကြောင့် မြောက်ဦးကားဂိတ်ကို လိုက်လံပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ မြောက်ဦးမြို့နယ် ကန်စောက် အုပ်ချုပ်ရေးမှူးဟောင် ဦးဦးစောနိုင်ကဒီဗွီဘီကိုပြောပါတယ်။
“သူတို့ကို ကျနော်တို့ကနေပြီးတော့ ကားလမ်းမဘေးနားမှာတွေ့လို့ အကူအညီပေးလိုက်တာပါ။ အားလုံး ၁၂ ယောက်ပါ။ သူတို့ကို မြောက်ဦး ကားဂိတ်ကို မနက်ပိုင်းမှာ လိုက်ပို့လိုက်တာဖြစ်တယ်။ သူတို့ကလည်းကားဂိတ်ရောက်ရင်အဆင်ပြေတယ်။ ဆွေးမျိုးတွေရှိ တယ်လို့ပြောတယ်။ ဒီမှာပဲထားခဲ့လိုက်တော့လို့ပြောတယ်။ ကျနော်တို့ ကားဂိတ်အထိ ကျနော်တို့ကလိုက်ပို့လိုက်တာပါအားလုံးကို။ သူတို့ဆီမှာဖုန်းတွေပါတာတွေ့တယ်။
လွှတ်ပေးလိုက်တဲ့သူ ၁၂ ယောက်မှာ တစုံတရာထိခိုက်ဒဏ်ရာရတာတွေကိုမတွေ့ရဘူးလို့ ကန်စောက်ကျေးရွာကအုပ်ချုပ်ရေးမှူး ဦးဦးစောနိုင်က ပြောပါတယ်။
ဖမ်းဆီးခံနေရတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ ပြင်ဦးလွင်မြို့နယ် ဇီးကုန်းသင်တန်းကျောင်းမှာ မွမ်းမံသင်တန်းတက်ပြီး ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို ပြန်လာကြတာ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေနဲ့ ဖုန်းဆက်သွယ်ဖို့ ကြိုးစားနေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
ဝဏ္ဏခွာညို