Home
မြန်မာသတင်း
မြန်မာအသင်းပါဝင်ယှဉ်ပြိုင်နေသည့် စက်ရုပ်အိုလံပစ်ပြိုင်ပွဲ တိုက်ရိုက်လိုက်ဖ်ကြည့်ရှုနိုင်
DVB
·
October 25, 2019

       နိုင်ငံတကာအဆင့် စက်ရုပ်အိုလံပစ်ပြိုင်ပွဲတခုဖြစ်တဲ့ First Global Robotics Olympics 2019 မှာ မြန်မာနိုင်ငံကိုယ်စားပြုအသင်းက ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။

       ဒီပြိုင်ပွဲကို အောက်တိုဘာလ ၂၃ ရက်နေ့ကတည်းက ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှာ ကျင်းပနေတာဖြစ်ပြီး မြန်မာအသင်းဟာ နိုင်ငံပေါင်း ၂၀ဝ ကျော်က ပြိုင်ပွဲဝင်တွေ နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

       ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု ဓလေ့တွေ မတူညီကြတဲ့ ကျောင်းသား ကျောင်းသူတွေ တွေ့ဆုံယှဉ်ပြိုင်ရတဲ့ ဒီပြိုင်ပွဲရဲ့ ခေါင်းစဉ်ကတော့ "Ocean Opportunities" ဖြစ်ပြီး သမုဒ္ဒရာရေသယံဇာတ ညစ်ညမ်းမှုတွေ တကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတခုဖြစ်တဲ့ ပင်လယ်သမုဒ္ဒရာ သန့်ရှင်းရေးအတွက် အလေးထား လုပ်ဆောင်မှုတွေအပေါ် သရုပ်ပြ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

       မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းမှာတော့ ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်း သားကျောင်းသူတွေဖြစ်ကြတဲ့ မောင်ခန့်ကျော်ခေါင်၊ မောင်ဝင်းနိုင်ကျော်၊ အောင်ဟိန်းထွဋ်ဇော်၊ မောင်သီဟဇော်၊ မသော်တာစမ်း၊ မောင်ထက်မြတ်အောင် (နည်းပြ)တို့ ပါဝင်ပါတယ်။

       အခုနှစ်ရဲ့ နိုင်ငံတကာအဆင့်စက်ရုပ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တာဟာ မြန်မာနိုင်ငံအနေနဲ့ တတိယအကြိမ်မြောက်ပါဝင်လာတာဖြစ်ပြီး ၂၀၁၇ ခုနှစ်က အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံကိုယ်စားပြုအသင်းဟာ အဆင့် ၆ ရရှိခဲ့ပြီး အာရှ အဆင့် ၁ ရရှိခဲ့တာ ဖြစ်တယ်။

       အခုနှစ်ပြိုင်ပွဲရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကိုတော့ မြန်မာစံတော်ချိန် ဒီကနေ့ညနေ ၄: ၁၅ မှာ စတင်ပြီး ကြည့်ရှုနိုင်ဖို့ အမေရိကန်သံရုံးဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့ပြီး ခုလိုရေးသားထားပါတယ်။

       “မြန်မာစံတော်ချိန် ဒီနေ့ညနေ ၄ : ၁၅ ကစပြီးဒီလင့် https://first.global/live ကနေစောင့်ကြည့်အားပေးကြပါဦး။ ကမ္ဘာတစ်ဝန်းက ရာနဲ့ချီတဲ့ ဆယ်ကျော်သက် လူငယ်တွေ ဒူဘိုင်းမှာ စက်ရုပ်ပြိုင်ပွဲအတွက်စုစည်းရောက်ရှိနေပါပြီ။ ပြိုင်ပွဲတစ်လျှောက်လုံး မြန်မာအသင်း ကံကောင်းဖို့အတွက်လည်းဝိုင်းပြီးဆုတောင်းပေးကြပါဦး”

 

 https://first.global/live?fbclid=IwAR3w6Nlfn-8seq1neygoFJgguKAVH5R_ZTTO1MWNUNu4D7_4W3RQ9c68ckY

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024