လူမျိုးသုဉ်းသတ်ဖြတ်မှု ဘင်္ဂလားဒေ့ရှ်စွပ်စွဲချက် မြန်မာ ပြင်းထန်စွာကန့်ကွက်
DVB
·
October 25, 2019
မျိုးနွယ်စုအားသုတ်သင် ရှင်းလင်းခြင်း (သို့မဟုတ်) လူမျိုးသုဉ်းသတ်ဖြတ်ခြင်းလို့ ဘင်္ဂလားဒေ့ရှ်ဘက်က သုံးနှုန်းနေတာကို မြန်မာနိုင်ငံအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။
အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူးမြို့မှာ ကျင်းပနေတဲ့ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ (၁၈) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးအကြို ဝန်ကြီးအဆင့်ကြိုတင်ပြင်ဆင်ရေး အစည်းအဝေးမှာ ပြောတာဖြစ်ပါတယ်။
"ရခိုင်ပြည်နယ်ကိစ္စဟာ ဘာသာရေးဖိနှိပ်မှု ပြဿနာတရပ် မဟုတ်ကြောင်းကို အတိအလင်း ပြောကြားလိုတယ်။ သတင်းမီဒီယာများ လွဲမှားစွာ ချဲ့ကားပုံဖော်နေကြသလို တိုင်းရင်းသား မျိုးနွယ်စုတခုကို နိုင်ငံကနေ မောင်းထုတ်နေခြင်းလည်း မဟုတ်ဘဲ ဒီကိစ္စကို မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်း (သို့မဟုတ်) လူမျိုးသုဉ်းသတ်ဖြတ်ခြင်းဟု ဘင်္ဂလားဒေ့ရှ် ဘက်က သုံးနှုန်းနေတာကို မြန်မာနိုင်ငံအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်" လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဝန်ကြီး က အမှန်စင်စစ် တော့ ရခိုင်ကိစ္စဟာ ကိုလိုနီခေတ်ကတည်းက ရှိနေခဲ့တဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု ရောယှက်ပါဝင်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြဿနာတစ်ရပ် ဖြစ်တယ်လို့လည်း ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေကို လူမျိုးသုဉ်းသတ်ဖြတ်မှုတွေရှိခဲ့တယ်ဆိုပြီး ကုလသမဂ္ဂနဲ့ အိုအိုင်စီ အဖွဲ့အပါအဝင် အနောက်နိုင်ငံတွေက အစဉ်တစိုက်စွပ်စွဲ ပြောဆိုနေတာ ဖြစ်ပါတယ်။