အန်အယ်လ်ဒီအမတ်များ ဝမ်းစာဖြည့်ရန် လိုအပ်နေ
DVB
·
October 24, 2019
အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ကိုယ့်ဝမ်းစာကိုယ်ဖြည့်ဖို့ လိုတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရန်ကုန်တိုင်းဒေသကြီးရဲ့ သတ္တမအကြိမ် ပါတီ၊ လွှတ်တော်နဲ့ အစိုးရ သုံးပွင့်ဆိုင်တွေ့ဆုံပွဲကို ဒီကနေ့ အောက်တိုဘာ ၂၄ ရက် မနက်က ရန်ကုန်မြို့ Sky Star Hotel မှာ ကျင်းပရာမှာ ပြောသွားတာပါ။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကျရင် ပြည်သူတွေရဲ့နိုင်ငံရေး အသိအမြင် ကျယ်ပြန့်လာပြီ ဖြစ်တဲ့အတွက် အခုလို ဝမ်းစာဖြည့် ဆောင်ရွက်ထားဖို့ ပြောဆိုခဲ့တာလို့ ဆိုပါတယ်။
၂၀၂၀ ရွေးကောက်ပွဲနီးလာချိန်မှာ တခြားအဖွဲ့အစည်းကို စိုးရိမ်နေစရာမလိုဘဲ ပါတီ စည်းရုံးရေးကို ကောင်းအောင်လုပ်ပြီး ကိုယ်စားလှယ်တွေအချင်းချင်း ညီညီညွတ်ညွတ်နေကြဖို့နဲ့ ညီညွတ်မှအောင်မြင်မှုကိုရနိုင်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။
အဆိုပါတွေ့ဆုံပွဲမှာ အန်အယ်လ်ဒီ လုပ်ငန်းအဖွဲ့တွေ တိုင်း၊ ခရိုင်၊ ဗဟို အလုပ်အမှုဆောင်အဖွဲ့တွေက နိုင်ငံရေး အကြံပြုအစီရင်ခံစာတင်သွင်းခဲ့ကြသလို လွှတ်တော်ကိုယ်စားလှယ်တွေက အကြံပြုဆွေးနွေးခဲ့ကြပါတယ်။
ချမ်းမြေ့မောင်