Home
မြန်မာသတင်း
သေကြောင်းကြံစည်မှု တားဆီးကာကွယ်ရေး ပညာပေးရန် လိုအပ်နေ
DVB
·
October 21, 2019
ကမ္ဘာပေါ်မှာ စက္ကန့် ၄၀ ကို လူတယောက်နှုန်းနဲ့  သေကြောင်းကြံစည်နေပြီး မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုတွေ တနှစ်ထက်တနှစ် ပိုမိုများပြားလာတာနဲ့အမျှ ဒါတွေကို တားဆီးကာကွယ်ဖို့ ပညာပေးဖို့တွေ လိုအပ်နေတယ်လို့ စိတ်ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူက ပြောပါတယ်။ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းကို ကာကွယ်၊ တားဆီး၊ ကူညီပေးခြင်း (Suicide Prevention) အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ဆွေးနွေး‌ဟောပြောတဲ့ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို မန္တလေးမြို့၊ဂျက်ဖာဆန်စင်တာမှာ မနေ့က ကျင်းပရာမှာ စိတ်ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ  အက်ဂ်နက်စ်မေရီက ပြောသွားတာပါ။ "တကမ္ဘာလုံးဆိုင်ရာ Dataတွေကနေပြီးတော့ ရထားတဲ့သတင်းတွေအရ စက္ကန့်လေးဆယ်တိုင်းမှာ လူတယောက် အမြဲတမ်း မိမိကိုယ်ကိုယ် သေကြောင်းကြံစည်နေတယ်ပေါ့နော်။ အဲဒါကြောင့် သတင်းရသည်ဖြစ်စေ၊ သတင်းမရသည်ဖြစ်စေ၊ ဒီဒေတာတွေမှာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေပေါ့နော်၊ ဒီ suicide rate က တနှစ်တနှစ် များပြားလာတဲ့အတွက် ကျမတို့ ဒါတွေကို ဂရုထားဖို့ လိုတယ်၊ တားဆီးဖို့လိုတယ်၊ ကာကွယ်ဖို့ လိုတယ်၊ ပညာပေးဖို့ လိုတယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အခုလိုမျိုးပွဲတွေကို ပြင်ဆင်ပြီးတော့ ကျင်းပပေးတာ"လို့ ပြောပါတယ်။ စိတ်ဖိစီးမှုတွေများပြားလာပါက ခန္ဓာကိုယ်ကျန်းမာရေးကို ဂရုစိုက်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်သင့်တယ်လို့ ‌ပညာရှင်တွေက ပြောပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပညာရှင် အက်ဂ်နက်စ်မေရီက “ဒီကနေ့ပွဲရဲ့ ရည်ရွယ်ချက်မှာလည်း စိတ်ကျန်းမာရေး မြှင့်တင်ဖို့၊ စိတ်ကျန်းမာရေးအရေးပေးဖို့ပေါ့၊ စိတ်ညစ်တယ်၊ စိတ်ဖိစီးမှုများတယ်၊ အနိုင်ကျင့်ခံရတယ်စတဲ့ စိတ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်လာတဲ့အခါ ကျရင်လည်း ခန္ဓာကိုယ် ကျန်းမာရေးကို ဂရုစိုက်သလိုပဲ စိတ်ကျန်းမာရေးကို ဂရုစိုက်ပြီးတော့ သင့်တော်တဲ့ သူတွေနဲ့ ဆွေးနွေးတိုင်ပင်၊ လိုအပ်လို့ရှိရင် ပညာရပ်ပိုင်းဆိုင်ရာ ကုလို့ရင် counseling servicesတွေလည်း ရှိလာပြီဆိုလို့ ရှိရင် ဒါကို တောင်းဖို့လိုအပ်လာတယ်ဆိုတဲ့အကြောင်းလေးကို ပြောချင်တယ်။ စိတ်ကျန်းမာရေးဟာ ခန္ဓာကိုယ်ကျန်းမာရေးနည်းတူ အရေးတယူ ဆောင်ရွက်သင့်တယ်ဆိုတာ သတိပေးချင်ပါတယ်"လို့ ဆိုပါတယ်။ ယနေ့ခေတ်မှာ နာမည်ကျော် အနုပညာရှင်တွေကအစ သေကြောင်းကြံစည်မှုတွေ ဖြစ်ပေါ်နေပြီး ဒီလို အပြုအမူတွေအပေါ်မှာ လူငယ်တွေအနေနဲ့ အတုယူမမှားဖို့လည်း လိုအပ်တယ်လို့ အခမ်းအနားတက်ရောက်လာသူ တဦးက ပြောပါတယ်။  ကိုမျိုးကြည်ဦးက "လူတွေ အများစုက ဘယ်လောက်ပဲ အဖန်ငါးရာငါးကမ္ဘာ နေနေ ဂရုမစိုက်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ်ပေါ့ စိတ်ညစ်မှုတွေ ပြီးဆုံးသွားမယ်၊ အရာအားလုံးရပ်တန့်သွားမယ် ဆိုပြီးတော့ လုပ်ကြတာ များပါတယ်၊အများစုက ဘယ်အရွယ်နေနေ တက်လမ်းတွေရှိပါတယ်၊အဲ့ တက်လမ်းတွေကို မမြင်မိဘဲနဲ့ ဆူဆိုက်လုပ်တယ်ဆိုတာ ကျနော့်အနေနဲ့ တော်တော်ကို မကောင်းဘူးလို့ မြင်ပါတယ်။ နောက်ပိုင်းခေတ်တွေမှာ ဆူဆိုက်တွေက idol တွေ ကိုယ်တိုင်ကလည်း ဆူဆိုက်လုပ်လာတဲ့အပေါ်မှာ သူတို့ရဲ့ fan တွေကလည်း ဆူဆိုက်မလုပ်လာဘူးလို့ မပြောနိုင်ပါဘူး။ ၊ကိုယ့်ရဲ့ idol ကြီးတယောက်လုံးကတောင် ဒီလို ဆူဆိုက်ကို လမ်းပြလုပ်သွားတဲ့ အချိန်မှာ နောက်လူတွေကလည်း ဒီလိုလုပ်တာ ဒါ နည်းလမ်းမှန်ဆိုတာ ဖြစ်သွား မှာတော့ ကျနော့်ဘက်က စိုးရိမ်ရပါတယ်။ အဲ့ဒါကတော့ ကျနော် ဆူဆိုက်ကို လုံးဝရှုတ်ချပါတယ်ခင်ဗျ"လို့ ပြောပါတယ်။ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုဟာ လူတသိန်းမှာ ၁၃ ဦးခန့်က ကြံစည်နေတာဖြစ်ပြီး အသက် ၁၉နှစ်ကနေ ၂၅နှစ်အကြား လူငယ်တွေ လုပ်ဆောင်တာ များနေတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ သေကြောင်းကြံစည်မှု အများစုဟာ အဆိပ်သောက် သေဆုံးတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီအခမ်းအနားမှာ မန္တလေးဆေးတက္ကသိုလ်က တွဲဘက်ပါမောက္ခ‌တွေ ၊ မန္တလေးတက္ကသိုလ်က စိတ်ပညာဘာသာရပ်ဆိုင်ရာ ပါမောက္ခနဲ့ စိတ်ပညာရပ်ဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပညာပေးနေသူတွေ တက်ရောက် ဆွေးနွေးပညာ‌ဟောပြောခဲ့ကြပါတယ်။ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ကို နှစ်စဉ် အောက်တိုဘာလ ၁၀ရက်နေ့မှာ ကျင်းပတာဖြစ်ပြီး စိတ်ကျန်းမာရေးကိုမြှင့်တင်ပေးပြီး စိတ်ကျန်းမာရေးထိခိုက်မှုကို ဖြေလျှော့ပေးနိုင်ဖို့အတွက် အသိပညာပေးတဲ့ ဒီလို အခမ်းအနားကို ဂျက်ဖာဆန်စင်တာနဲ့  Serenity Counseling Service တို့က ဦးဆောင်စီစဉ် ကျင်းပတာ ဖြစ်ပါတယ်။ ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024