မြန်မာနိုင်ငံတွင် တီဘီရောဂါဖြစ်နှုန်း ကျဆင်းလာဟု ဝန်ကြီးပြော
DVB
·
October 19, 2019
မြန်မာနိုင်ငံမှာ တီဘီရောဂါဖြစ်နှုန်းဟာ တခြားကမ္ဘာ့နိုင်ငံတွေထက် ၅ ဆ ပိုပြီး ကျဆင်းလာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။
မနေ့က နေပြည်တော်မှာလုပ်တဲ့ ငုပ်လျှိုး တီဘီရောဂါကုသမှုဆိုင်ရာ အသိပေးဆွေးနွေးပွဲနဲ့ အလုပ်ရုံ ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။
တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းဟာ အတိုင်းအတာတခုအထိ အောင်မြင်နေပေမယ့် မြန်မာနိုင်ငံဟာ ကမ္ဘာ့တီဘီရောဂါ အဖြစ်အများဆုံးနိုင်ငံ ၃၀ မှာ ဆက်ပြီး ပါနေတုန်းပဲလို့လည်း ဝန်ကြီးက ဆိုပါတယ်။
၂၀၁၉ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ တီဘီရောဂါအစီရင်ခံစာ (Global TB report) အရ ကမ္ဘာတဝန်းက လူဦးရေ ၁ သိန်းမှာ ၃၃၈ ယောက် တီဘီရောဂါဖြစ်နေပြီး လူ ၁ သိန်းမှာ ၃၉ ယောက်ဟာ တီဘီကြောင့် သေဆုံးနေပါတယ်။
ကမ္ဘာ့နိုင်ငံတွေမှာ တီဘီရောဂါဖြစ်ပွားမှုဟာ နှစ်စဉ် ၁ ရာခိုင်နှုန်းလောက်ပဲ ကျဆင်းနေပေမယ့် မြန်မာနိုင်ငံမှာတော့ ဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်းတွေရဲ့ အားထုတ်ကြိုးပမ်းဆောင်ရွက်တာတွေ၊ နှီးနွှယ်ဆက်စပ် အဖွဲ့အစည်းတွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်တာတွေကြောင့် တီဘီရောဂါ ဖြစ်ပွားမှုဟာ နှစ်စဉ် ၄ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းနေတယ်လို့ ဝန်ကြီးက ပြောပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝန်းမှာ တီဘီဟာ ပြည်သူ့ကျန်းမာရေးပြဿနာတရပ်အဖြစ် ရှိနေသေးပြီး တီဘီရောဂါဖြစ်ပွားတဲ့ အကြောင်းရင်းတွေမှာ ပြည်သူတွေရဲ့ လူမှု-စီးပွားရေး အခြေအနေနဲ့ ကျန်းမာရေး အသိပညာကြွယ်ဝတာဟာ အဓိကကျတဲ့ အကြောင်းအချက်တွေ ဖြစ်တယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။
၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံမှာ တီဘီရောဂါဖြစ်နိုင်သူ ၁၈၀,၀၀၀ လို့ ခန့်မှန်းထားပေမယ့် လူပေါင်း ၁၄၀,၀၀၀ လောက်ကိုပဲ ရှာဖွေဖော်ထုတ် ကုသမှုပေးနိုင်ခဲ့တာကြောင့် အဲဒီခန့်မှန်းချက်တွေ တိကျမှန်ကန်ရင် တီဘီရောဂါဖြစ်နေပေမယ့် မိမိကိုယ်တိုင် သတိမပြုမိတဲ့ တီဘီရောဂါ လူနာ ၄၀,၀၀၀ လောက်ကို ဆက်လက်ရှာဖွေရမယ်လို့လည်း ဆိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ခန့်မှန်းတွက်ဆချက်တွေအရ ကမ္ဘာ့လူဦးရေရဲ့ ၄ ပုံတပုံလောက်မှာ တီဘီပိုးရှိပေမယ့် ရောဂါမဖြစ်တဲ့ ငုပ်လျှိုးတီဘီ ဖြစ်ပွားနိုင်တယ်လို့ တွက်ထားပါတယ်။
အဲဒီလို ငုပ်လျှိုးတီဘီရောဂါရှင်တွေကို ရှာဖွေကုသပေးဖို့အတွက် ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုး (HIV) ရှိသူတွေမှာလည်း တီဘီရောဂါ ကြိုတင်ကာကွယ်မှုကုထုံးနဲ့ ကုသပေးဖို့လိုပြီး အိပ်ချ်အိုင်ဗွီ ရောဂါပိုးရှိသူတွေကို ဆေးပေးကုသတဲ့ ART ဌာနတွေမှာ အသစ်လာရောက်ပြသတဲ့ ရောဂါပိုးရှိသူ လူနာတွေထဲက ၁၅ ရာခိုင်နှုန်းကိုပဲ ငုပ်လျှိုးတီဘီရောဂါ ကာကွယ်နိုင်ဖို့ဆေး (Isoniazid) ပေးနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။