ရေစကြိုမြို့နယ်က ဂျင်လောင်းကစားဝိုင်း မကွေးတိုင်း ရဲတပ်ဖွဲ့ ဖမ်းဆီး
DVB
·
October 19, 2019
မကွေးတိုင်း ရေစကြိုမြို့နယ် ဖူလုံရွာ တောရိုးမှာ ဂျင်လောင်းကစားဝိုင်းတွေကို အောက်တိုဘာ ၁၈ ရက်နေ့ နေ့လယ်ပိုင်းမှာ တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူး အပါအဝင် ရဲတပ်ဖွဲ့၀င်တွေက သက်သေတွေနဲ့အတူ သတင်းအရ သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး လောင်းကစားလုပ်နေသူ ၁၃ ယောက်ကို ဂျင်ဝိုင်း လောင်းကစားရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ၊ လောင်းကြေးငွေ ၃၂၇၂၈၅၀ ကျပ်၊ ကား ၇ စီး၊ ဆိုင်ကယ် အစီးရေ ၁၀၀ တို့နဲ့အတူ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
“နယ်မှာ လောင်းကစားဝိုင်းတွေ အမြဲလုပ်နေတာ၊ နယ်မြေခံရဲက ဖမ်းဆီးခြင်းမရှိဘူး၊ ဒါကြောင့် ၀န်ကြီးချုပ်ရဲ့လမ်းညွှန်ချက်နဲ့ တိုင်းရဲတပ်ဖွဲ့က ဆင်းဖမ်းတော့ မိတာပေါ့” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဖမ်းဆီးမိတဲ့ ဗိုလ်နိုင်၊ ဇော်ဌေး၊ ကျောက်ခဲ၊ မြင့်စိန်၊ ဘိုကြူး၊ သောင်းဌေး၊ ဖိုးချို၊ ဝေလင်းမောင်၊ မျိုးကိုကို၊ မင်းသူ၊ ခင်မောင်ကြည်၊ ကျော်စွာနဲ့ မြင့်သိန်းတို့ကို ရေစကြို မြို့မရဲစခန်းက လောင်းကစားဥပဒေပုဒ်မ ၁၅(က) နဲ့ အမှုဖွင့်လှစ် စစ်ဆေးနေတယ်လို့ သိရပါတယ်။
သတင်း-ကိုလင်း(ချောက်)၊ ဓာတ်ပုံ-အောင်ကျော်ဇင်