Home
မြန်မာသတင်း
ရသေပျံလိုဏ်ဂူအတွင်း ပတ်ဝန်းကျင်မထိခိုက်သည့် Cave Lighting LED မီးများတပ်ဆင်
DVB
·
October 10, 2019
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့နဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့ရည်ရွယ်ပြီး ပတ်ဝန်းကျင်ကိုထိခိုက်မှုနည်းပါးစေတဲ့ လျှပ်စစ်သွယ်တန်းပွဲကို ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ရသေ့ပျံကျေးရွာ၊ ရသေ့ပျံလိုဏ်ဂူအတွင်းမှာ အောက်တိုဘာ ၉ ရက်က ကျင်းပပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့၊ သဘာဝဂူတွေ အတွင်းမှာ မီးလင်းပြီးရော အလေ့အထကနေ ပတ်ဝန်းကျင်ကိုထိခိုက်မှုနည်းစေပြီး သဘာဝ ပတ်ဝန်းကျင်မှာရှိနေတဲ့ လင်းနို့တွေ၊ ရှားပါးမျိုးစိတ်တွေကို အနှောက်အယှက်နည်းစေနိုင်တဲ့ မီးတွေထွန်းစေဖို့ ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့တာပါ။ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးလှိုင်က “ဒီဂူတွေအထဲမှာ လျှပ်စစ်ဓာတ်အားရရှိအောင် မူလကလုပ်ထားပေမယ့် တကယ်အပြင်မှာသုံးနေတဲ့လျှပ်စစ်ဟာ ဓာတ်လိုက်မှုအန္တရာယ်တို့ လူတ အန္တရာယ်တွေ အများကြီးရှိတယ်။ အခုပညာရှင်တွေက လျှပ်စစ်ကို အလင်းရောင်လည်းရမယ်။ ဂူထဲမှာ အန္တရာယ်ကင်းအောင် ဆောင်ရွက်ပေးတဲ့အတွက်ကြောင့်မို့  ခရီးသွားလုပ်ငန်းတွေလည်း အများကြီးအကျိုးရှိတာ သိရှိရတယ်”လို့ ပြောပါတယ်။ လူနေမှုဘဝလေ့လာဆန်းစစ်သူများအသင်း၊ စီမံချက်မန်နေဂျာ ဦးမင်းဝင်းဗိုလ်က “ဒီလိုမီးမျိုး ကျန်တဲ့ဂူတွေမှာ အတုယူပြီးတော့ မီးလင်းရင်ပြီးရောမဟုတ်ဘဲ နောက်ပိုင်း မီးထွန်းတော့မယ်ဆိုရင် ရှားပါးမျိုးစိတ်တွေ လင်းနို့တွေအနှောက်အယှက်မဖြစ်စေတဲ့ မီးထွန်းတဲ့နည်းစနစ်ဖြစ်ဖို့ မျှော်မှန်းတယ်”လို့ ပြောပါတယ်။ ဂျာမနီနိုင်ငံထုတ် Cave Lighting LED အမျိုးအစားမီးသီး၊ ဓာတ်မလိုက်တဲ့မီးကြိုး၊ ရေငွေ့ရိုက်ခံနိုင်တဲ့ ရေအောက်ထွန်း မီးလုံးပေါင်း ၅၀ ကို ဂျာမနီနိုင်ငံအခြေစိုက် နည်းပညာရှင် ၂ ဦးက လာရောက်တပ်ဆင်ပေးတာဖြစ်ပြီး စုစုပေါင်း ကျပ်သိန်း ၂၀၀ ကျော်ကုန်ကျခဲ့တယ်ပါတယ်။ ကရင်ပြည်နယ်အတွင်း သဘာဝထုံးကျောက်တောင်၊ လင်းနို့ဂူတွေအပါအဝင် ဂူပေါင်း ၃၀ ကျော်ရှိရာမှာ ဘုရင့်ညီဂူ၊ ဆန္ဒန်ဂူ၊ ကော့ကသောင်ဂူနဲ့ သဘာဝရေတံခွန်တွေ မြောက်များစွာရှိတဲ့အတွက် ပြည်တွင်းပြည်ပခရီးသွားတွေ လာရောက်လည်ပတ်ကြပါတယ်။ နှစ်စဉ်ပြည်တွင်း ပြည်ပခရီးသွားတွေ ၂၀၁၆ ခုနှစ်က ၇၇၅၀၀၀ ကျော်၊ ၂၀၁၇ ခုနှစ်က ၆၀၄၀၀၀ ကျော်၊၂၀၁၈ ခုနှစ်က ၉၉၃၀၀၀ ကျော်ဝင်ရောက်ခဲ့တယ်လို့ ကရင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားဌာနက သိရပါတယ်။ သတင်း- ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024