Home
မြန်မာသတင်း
လက်နက်ကြီးပစ်လေ့ကျင့်မည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးများကို ကျောက်တော် ၃၇၅ တပ်ရင်း ခေါ်ယူအသိပေး
DVB
·
July 27, 2019
ရက္ခိုင့်တပ်တော် အေအေနဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျောက်တော်မြို့နယ်မှာ အခြေစိုက်နေတဲ့ ၃၇၅ တပ်ရင်းက လက်နက်ကြီးပစ်လေ့ကျင့်မယ့်အကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူ အသိပေးခဲ့တယ်လို့ သိရပါတယ်။ ၃၇၅ တပ်ရင်းက တာဝန်ရှိသူတွေဟာ ဇူလိုင် ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ လက်နက်ကြီးပစ်လေ့ကျင့်မှာဖြစ်တာကြောင့် ဇူလိုင် ၂၅ ရက်နေ့က သတ်မှတ်ထားတဲ့ ဧရိယာအတွင်းမှာပါဝင်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာတာဝန်ခံတွေကို ခေါ်ယူအသိပေးခဲ့တယ်လို့ တွေ့ဆုံခဲ့တဲ့သူတွေ ဒီဗွီဘီကိုပြောပါတယ်။ ဒါကြောင့် အဲဒီအနားမှာရှိတဲ့ လယ်သမားတွေ၊ ကျွဲနွားတွေကို ရွာအတွင်းမှာပဲ နေကြဖို့ မှာကြားလိုက်တယ်လို့ သွားရောက်တွေ့ဆုံခဲ့တဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။ တပ်ရင်းကို လိုက်ပါခဲ့တဲ့ သဝင်ကိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်အေးဝင်းက “ကျနော်တို့ကို ကြာသပတေးနေ့က ခေါ်ပြီးပြောတယ်။ ကျနော်တို့ သဝင်ကိုင်းအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ နောက်ပြီးတော့ လမ်းမတော်အုပ်စု အုပ်ချုပ်ရေးမှူး ကျေးရွာတာဝန်ခံတွေကို ခေါ်ပြီးတော့ ၃၇၅ တပ်ရင်းက တပ်ရင်းမှူးက ဒီစနေနဲ့ တနင်္ဂနွေ ၂ ရက်မှာ ၂ မိုင်အတွင်း လက်နက်ကြီး စမ်းမယ်ဆိုတဲ့ စကားကို ပြောလိုက်ပါတယ်။ ဒါကြောင့် တောင်မှာရှိတဲ့ တောင်သူတွေနဲ့ ကျွဲ၊ နွားတွေကို ရွာမှာချထားတာ ကောင်းမယ်ဆိုပြီးတော့ပေါ့” လို့ ပြောပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ပြောကြားချက်အရ ရွှေလှိုင်၊ ချက်တော်တောင်၊ လမ်းမတော်၊ သဝင်ကိုင်း၊ ကျောက်တန်း၊ ဝက်မှိုင်းနဲ့ ပိန္နဲချောင်း စတဲ့ကျေးရွာ ၇ ရွာပါဝင်ပြီး အဲ့ဒီကျေးရွာတွေအနီးက ၂ မိုင်အတွင်းမှာ လေ့ကျင့်မယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်ဆောင်မယ်ဆိုတဲ့ သတင်းကို ကျောက်တော်မြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်ကလည်း ကြားသိထားရပြီး တပ်မတော်အနေနဲ့ စစ်လက်နက်လေ့ကျင့်မှုတွေ လုပ်ဆောင်မယ်ဆိုရင် ပြည်သူတွေ့နဲ့ ဝေးလံတဲ့ မထိခိုက်နိုင်တဲ့ နေရာတွေကို ရွေးချယ်သင့်တယ်လို့ အခုလို အကြံပြုပါတယ်။ “တပ်မတော်တရပ်အနေနဲ့ကတော့ စစ်လက်နက်စမ်းသပ်တယ်လုပ်တယ်ဆိုတာကတော့ ပြည်သူလူထုနဲ့ လွတ်လွတ်ကျွတ်ကျွတ် နေရာဖြစ်ဖို့လိုတယ်။ ကျယ်ဝန်းတဲ့နေရာဖြစ်ဖို့လိုတယ်။ ကျေးလက်နေပြည်သူလူထုနဲ့ အတိုင်းအတာတခုထိ ၅ မိုင်သော်လည်းကောင်း၊ ၃ မိုင်သော်လည်းကောင်း လွတ်ကင်းတဲ့နေရာမှာ စမ်းသပ်ဖို့ သင့်တယ်ပေါ့နော်။ အခုအနေအထားကတော့ ဟိုဘက်ကဆို မြောက်ဦးမြို့နယ်၊ ဒီဘက်ကဆို ကျောက်တော်မြို့နယ် ကြားထဲမှာပေါ့” လို့ပြောပါတယ်။ တပ်မတော် သတင်းမှန်ပြန်ရေးအဖွဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “အဲဒါကတော့ လုံခြုံရေးနဲ့ဆိုင်တာကြောင့် ကျနော်မပြောဘူး။ လက်နက်ကြီး ပစ်လို့ရှိရင်လည်း လယ်ထွန်တဲ့နေရာကို ဘာလို့ပစ်မှာလဲ။ စက်ပစ်ကွင်းဝင်မယ်ဆိုလို့ရှိရင် ဒေသအာဏာပိုင်တွေကို ပြောရတယ်။ ဒါက ကျနော်တို့ စက်ပစ်ကွင်းပါ။ စစ်သည်တွေ ကျွမ်းကျင်အောင် ပစ်ခတ်စရာရှိပါတယ်လို့ အဆင့်ဆင့်တင်ပြပြီးမှ ခွင့်ပြုချက်ရပြီးမှပစ်တာ ပြည်သူလူထု ဘာမှကြောက်စရာလည်း မလိုဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မယ်လို့ ပြောကြားထားတာကြောင့် အဲ့ဒီကျေးရွာတွေက တောင်သူလယ်သမားတွေဟာ ရွာထဲမှာပဲ နေထိုင်ကြပေမယ့် ဇူလိုင် ၂၇ ရက်နေ့ ဒီဗွီဘီက အင်တာဗျူးတဲ့ အချိန်ထိတော့ ဘာမှလုပ်ဆောင်တာ မတွေ့ရသေးဘူးလို့ ရွာသားတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ သတင်း-ဓာတ်ပုံ -ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024