Home
မြန်မာသတင်း
လွတ်ငြိမ်းခွင့်ဖြင့်ပြန်လွတ်လာသူတဦးက ကျန်းမာရေးဌာနအကြံပေးပုဂ္ဂိုလ်ထံမှ ကွန်ပြူတာခိုးယူ
ပိုင်စိုး
·
July 22, 2019
အကျဉ်းထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်လာခဲ့သူတဦးက  ကျန်းမာရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဆီကနေ ကွန်ပြူတာတွေခိုးယူခဲ့ပြီး အမြန်လမ်းရဲတပ်ဖွဲ့က နာရီပိုင်းအတွင်း ဖမ်းမိခဲ့ပါတယ်။ ဇူလိုင် ၂၁ ရက်က ရန်ကုန်-နေပြည်တော် Elite express နဲ့ လိုက်ပါလာတဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန အကြံပေး ဒေါက်တာ ဒေါ်သွယ်သွယ်ဝင်းဟာ ၁၁၅ မိုင် ရပ်နားစခန်းမှာ ကားပေါ်က ဆင်းပြီးပြန်တက်ချိန် လက်ပ်တော့ ၂ လုံးပျောက်နေတယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ဖြူးစခန်းကို လာရောက်တိုင်တန်းခဲ့ပါတယ်။ နေ့လယ် ၁၁ နာရီ ၄၅ မိနစ်အချိန်မှာ ရပ်နားစခန်းက စားသောက်ဆိုင်ကိုဆင်းပြီး ပြန်တက်ချိန်မှာ ပျောက်ဆုံးနေတာကို သိခဲ့တာဖြစ်ပြီး အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်တွေဟာ ယာဉ်ရပ်နားစခန်းထဲက ပြည်သူလူထုနဲ့ ပူးပေါင်းပြီး သတင်းစုဆောင်းခဲ့တယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။ ညနေ ၃ နာရီ ၄၅ မိနစ်မှာတော့ ဖြူးစခန်းက တပ်ဖွဲ့ဝင်တွေဟာ ဖြူးမြို့ဈေးရှေ့မှာ မင်းဘူးမြို့နယ် ရွှေစက်တော်ရွာနေ အသက် ၂၁ နှစ်အရွယ် ကျော်ဇင်ထွန်းကို Dell စာတမ်းပါ ကွန်ပြူတာ အိတ်အနက်တလုံးနဲ့အတူ ဖမ်းမိခဲ့ပါတယ်။ ရှာဖွေစစ်ဆေးရာမှာတော့ ဒေါက်တာသွယ်သွယ်ဝင်းပျောက်ဆုံးခဲ့တဲ့ Dell လက်ပတော့ ကွန်ပြူတာ ၁ လုံး၊ Lenovo လက်ပတော့ ၁ လုံး၊ ပိုက်ဆံအိတ်တလုံး မှတ်စုစာအုပ်တအုပ်၊ ပရိတ်စာအုပ်တအုပ်တို့ကို သိမ်းဆည်းရမိပြီး တရားခံကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ဖမ်းထားတဲ့ ကျော်ဇင်ထွန်းဟာ ခိုးမှုနဲ့ ထောင်တနှစ်ကျပြီး ချုပ်ရက်၊ ထောင်ကျရက်ပေါင်း ၉ လလောက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မေ ၃ ရက်က  ညောင်ဦးထောင်က ပြန်လွတ်လာတာ ဖြစ်ပြီး အဲဒီ Elite ကားမှာ လိုက်ပါလာခဲ့သူ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024