မိုးရွာသွန်းမှုကြောင့် ရန်ကုန်-ဂွကားလမ်း မြေသားနိမ့်ကျ အက်ကွဲ၊ ကားများ ပိတ်ဆို့မှုဖြစ်
DVB
·
July 15, 2019
ရန်ကုန်-ဂွ ကားလမ်း၊ ရခိုင်ရိုးမပေါ်မှာ မိုးရွာတာများပြီး ကားလမ်းနိမ့်ကျအက်ကွဲ ခဲ့တယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။
ဂွမြို့နယ်ထဲက ရန်ကုန်-ငါးသိုင်းချောင်း-ဂွ ကားလမ်း ကီလိုမီတာတိုင် ၃၈ နဲ့ ၃၉ ကြား ဒေါင်းချောင်းကျေးရွာအုပ်စု၊ ဗောဓိရွာနားမှာ ဒီမနက် ၄ နာရီခွဲလောက်က ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလမ်းဟာ ကတ္တရာလမ်းဖြစ်ပြီး လမ်းနိမ့်ကျအက်ကွဲတာဟာ အလျား ပေ ၁၀၀ လောက်၊ အကျယ် ၁၅ ပေလောက်ရှိပြီး ၁ ပေခွဲလောက်နိမ့်ကျခဲ့တာပါ။
လမ်းနိမ့်ကျနေလို့ ဒီမနက် ရန်ကုန်ကနေ ဂွကို မောင်းနှင်လာတဲ့ မျိုးဆက်သစ်ယာဉ်လိုင်းက ကားတစီးဟာ လမ်းဘယ်ဘက်၊ တောင်နံရံဘက်ခြမ်းက ကွေ့ပြီးမောင်းရာမှာ ဘီးကျွံခဲ့တာကြောင့် ကားလမ်းလည်း ခဏပိတ်သွားခဲ့တယ်လို့ ဆိုပါတယ်။