မိုင်းတုံမြို့တွင် အသက် ၆၀ အရွယ် အမျိုးသားတဦး ခေါင်းဖြတ်အသတ်ခံရ
DVB
·
July 9, 2019
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်နေ အသက် ၆၀ နှစ်အရွယ်ရှိ အမျိုးသားတဦး ဒီနေ့ မနက် ၁၀ နာရီလောက်က တောင်ယာအတွက် ပေါင်းရှင်းလင်းနေစဉ် ဦးခေါင်းဖြတ် အသတ်ခံခဲ့ရတယ်လို့ နယ်မြေရဲ စခန်းမှူးက ပြောပါတယ်။
“သတင်းရရချင်း အခင်းဖြစ်နေရာကိုရောက်တော့ လူတဦးကိုဘေးစောင်းအနေအထားနဲ့ ဦးခေါင်းဖြတ် အသတ်ခံထားရတာတွေ့ရပြီး ဦးခေါင်းကို ချက်ချင်းရှာမတွေ့ဘဲ တပ်ဖွဲ့ဝင်တွေနဲ့ ဖြန့်ခွဲရှာဖွေရာက အခင်းဖြစ်နေရာရဲ့ တောင်ဖက်ပေ ၂၅၀ လောက်အကွာ တောထဲမြက်ရိုင်းပင် တွေ ကြားက စစ်တပ်သုံးစောင်ကြားအစိမ်းရောင်နဲ့ ထုပ်လျက်ပြန်တွေ့ခဲ့ရပြီး တရားခံရဲ့ ပစ္စည်းလို့ ယူဆရတဲ့ ဦးထုပ်၊ သွေးစွန်းနေတဲ့အင်္ကျီ၊ လူသတ်ရာမှာ အသုံးပြုခဲ့တဲ့ အရှည်တပေခွဲရှိ ဓားမ တချောင်းတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်" လို့ စခန်းမှူး ဒုရဲမှူးသန်းလွင်က ပြောပါတယ်။
သေဆုံးသူဟာ အသက် ၆၀ အရွယ် ကချင်တိုင်းရင်းသား ဦးအိုက်တူးဟာ ဒီနေ့ မနက်ပိုင်းက ဇနီးဖြစ်သူနဲ့ စကားများကာ တောင်ယာသို့ ထွက်ခွာသွားခဲ့တာပါ။
မနက် ၁၀ နာရီလောက်မှာတော့ ဇနီးဖြစ်သူ ဒေါ်နာမွေနဲ့ တအိမ်တည်းအတူနေထိုင်သူ ကျော်ရွှေပါတို့က တောင်ယာသို့ ထမင်းသွားရောက်ပို့ဆောင်စဉ် ဦးအိုက်တူးမှာ ဦးခေါင်းပြတ်သေ ဆုံးနေတာကို တွေ့ရှိခဲ့တာလို့ဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေက ဒေါ်နာမွေ ကို စစ်ဆေးမေးမြန်းဖို့ နေအိမ်ကို လိုက်သွားစဉ် ဒေါ်နာမွေက နေအိမ်သော့ခတ်ပြီး တိမ်းရှောင်နေခဲ့တယ်လို့လည်း ရဲစခန်းမှူးကပြောပါတယ်။
ရဲတပ်ဖွဲ့က ရပ်ကွက်အတွင်း စုံစမ်းစစ်ဆေးခဲ့ပြီး အခင်းဖြစ်နေရာအနီး နေအိမ်တလုံးရဲ့ အိမ်သာထဲမှာ ဒေါ်နာမွေကို ရွှေဆွဲကြိုး ၃ ကုံး၊ လက်စွပ် ၂ ကွင်း၊ မြန်မာကျပ်ငွေ ၁၃ သိန်းကျော်၊ ထိုင်းဘတ်ငွေ ၅၉၀၀၀၊ အဝတ်အစားအိတ်တို့နဲ့ အတူတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
လတ်တလောရဲ့ ဒေါ်နာမွေကို သံသယ တရားခံအဖြစ် ရဲ့ ထိန်းသိမ်းကာ စုံစမ်းစစ်ဆေးနေပြီး သံသယတရားခံ ကျော်ရွှေပါကတော့ ပျောက်ဆုံးနေတဲ့အတွက် ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်း ရှာဖွေနေပါတယ်။
သတင်း- အောင်ဇေယျ