မီးပွိုင့်တွင် ဝိုင်ဘီအက်စ်ယာဉ် တံခါးမဖွင့်ပေးလို့ ကားတံခါးကို ရိုက်ခွဲ (ရုပ်သံ)
DVB
·
June 30, 2019
ဝိုင်ဘီအက်စ် ၉၉ ယာဉ်လိုင်းဟာ မနေ့က ည ၇ နာရီကျော်မှာ ရှစ်မိုင်တံတားအောက် မီးပွိုင့်မိနေတုန်း တံခါးဖွင့်ခိုင်းတာ မဖွင့်ပေးလို့ ခရီးသည်တယောက်က တံခါးမှန်ကို ရိုက်ခွဲပြီး ဆင်းသွားခဲ့ပါတယ်။
ဒါကို Omini Focus ကုမ္ပဏီက ကားပေါ်ပါ စီစီတီဗွီကင်မရာမှတ်တမ်းကို ထုတ်ပြန်လိုက်တာပါ။
ကားဟာ လှိုင်သာယာကနေ တောင်ဒဂုံသွားနေတုန်း ရှစ်မိုင်တံတားအောက် မီးပွိုင့်မိလို့ ရပ်ထားချိန်မှာ ခရီးသည် အမျိုးသားတယောက်က ဆင်းမယ်ဆိုပြီး တံခါးဖွင့်ခိုင်းပါတယ်။
ယာဉ်မောင်းက မီးပွိုင့်မှာဖြစ်လို့ ဖွင့်ပေးလို့မရကြောင်း၊ ရှေ့မှတ်တိုင်မှာ ဆင်းပါလို့ ပြောတာကို လက်မခံဘဲ တံခါးကိုပဲ ဖွင့်ပေးဖို့ ပြောပါတယ်။ မရတဲ့အခါ အဆင်းတံခါး အပေါ်က လေဘားကိုဖွင့်ပြီး ဆင်းဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် မရတာကြောင့် အရေးပေါ်သုံးဖို့ထားတဲ့ စိန်တူကိုယူပြီး အဆင်းတံခါး ညာဘက်ခြမ်းကို ရိုက်ခွဲခဲ့သလို ခြေထောက်နဲ့လည်း ကန်ဖွင့်ပြီး ဆင်းသွားခဲ့ပါတယ်။
ဒါကို ဗွီဒီယိုဖိုင်နဲ့တကွ သက်ဆိုင်ရာ ရဲစခန်းကို တိုင်ထားတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။