ရန်ကုန်-ပြည်လမ်းပေါ်တွင် ပျောက်ဆုံးဘုရားပစ္စည်းများနှင့်အတူ အမျိုးသားတဦးကို ဖမ်းမိ
DVB
·
June 27, 2019
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဂုံမင်းမြောင်ကျေးရွာအနီး ရန်ကုန်-ပြည်ကားလမ်းပေါ်မှာ ဇွန်လ ၂၆ ရက်က အမျိုးသားတဦး အရူးပုံစံနဲ့ လက်နက်ကိုင်ပြီး လျှောက်သွားနေတာကို ရဲက မသင်္ကာလို့ ခေါ်ယူစစ်ဆေးရာ ဘုရားပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ သာယာဝတီမြို့မရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။
“တရားခံကို စုံစမ်းတဲ့အချိန်မှာ သာယာဝတီမြို့နယ် ရန်ကုန်-ပြည်ကားလမ်းမပေါ် ဂုံမင်းမြှောင်ကျေးရွာအနီးမှာ လူတယောက်ကို လက်နက်ကိုင်ပြီး အထုပ်တွေနဲ့ လျှောက်သွားနေတာကို တွေ့လို့ စစ်ဆေးကြည့်လိုက်တော့ ကျောက်ပန်းတောင်းမြို့ သိရိမင်္ဂလာရပ်ကွက်နေ အသက် ၃၅ နှစ်ရှိတဲ့ အောင်အောင်(ခ)သန်းထိုက်ကို လက်ပံမြို့က ပျောက်ဆုံးနေတဲ့ ဘုရားပစ္စည်းတွေနဲ့ အတူတွေ့ရတာပါ။”
ချမ်းသာကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း တည်ထားတဲ့ လာဘမုနိ ကမ္ဘာ့ချမ်းသာရစေတီတော်နဲ့ ချမ်းသာကုန်းဘုန်းကြီးကျောင်းစေတီတော်၊ ကွမ်းခြံကုန်းအုပ်စုက စေတီတော်၊ ကျေးနီကျေးရွာရှိ ကိုးနဝင်းကပ်ကျော် စေတီတော်တွေက ဘုရားစိန်ဖူးတော်တလုံး၊ အရန်စေတီတော်တွေက စိန်ဖူးတော်၂၄ လုံး၊ တံခွန်တိုင်မှ စိန်ဖူးတော် ၅ လုံးကို ဇွန် ၂၅ ရက်က တနေ့တည်း ခိုးယူခံခဲ့ရတယ်လို့ သိရပါတယ်။
“လူတယောက် အရူးပုံစံနဲ့ လက်နဲ့လည်ပင်းတွေမှာ ပုတီးတွေပတ်ထားပြီး အင်္ကျီအဝါ၊ ဘောင်းဘီတိုအစုတ်၊ အသားညိုညို ဆံပင်ရှည်ရှည်နဲ့ မနေ့ကနေ့လယ် ၃ နာရီဝန်းကျင်မှာ ဘုန်းကြီးကျောင်းထဲဝင်လာပြီး သန့်ရှင်းရေးလုပ်တယ်။ ဦးဇင်းကလည်း သန့်ရှင်းရေးလုပ်နေတော့ ဘာမှမပြောဘူး။ လေးနာရီခွဲလောက်ကျတော့ အဲဒီ အရူးပုံစံလူကို မတွေ့ရတော့ဘူး။ အဲဒီအချိန်မှာ စိန်ဖူးတော်ပျောက်တာ မသိသေးဘူး။ ညနေ ၅ နာရီကျော်မှာ ဘုရားမီးထွန်းတော့မှ စိန်ဖူးတော် ပျောက်မှန်းသိရတာပါ” လို့ ဆရာတော် ဦးပညာစာရရဲ့မိန့်ကြားချက်ကို တကာဖြစ်သူ ဦးမှတ်ကြီးက ပြန်လည်ပြောပြခဲ့တာပါ။
ကွမ်းခြံကုန်းအုပ်စု၊ ကျေးနီရွာ ဘုရားဂေါပကအဖွဲ့က ခိုးယူသွားသူကို စုံစမ်းဖော်ထုတ်ပေးဖို့ လက်ပံတန်းမြို့မရဲစခန်းမှာ တရားလိုပြုလုပ်တိုင်တန်းရာ (ပ)၃၇၇/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ၂၉၅/၃၇၉ နဲ့ အမှုဖွင့်ခဲ့တာပါ။
တရားခံလို့ ယူဆရသူမှာ သာယာဝတီ မြို့နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သတင်းအရ လက်ပံတန်းမြို့မရဲစခန်းနဲ့ သာယာဝတီမြို့မရဲစခန်းတို့ ပူးပေါင်းစုံစမ်းရာ မနေ့ ည ၇ နာရီအချိန်က အမျိုးသားတဦးကို စိန်ဖူးတော် ဆိုဒ်စုံ ၇၆ လုံး ဟင်္သာနှုတ်သီးစွဲ ရွှေရောင်သတ္တုဘောလုံး ၇ လုံး၊ ဉာဏ်တော် ၅ လက်မရှိ ရွှေရောင်ကျောက်ဆင်းတုတော် တဆူ၊ ဉာဏ်တော် ၄ လက်မခွဲခန့်ရှိ မဟာမြတ်မုနိ ပုံတော် ဖန်ဘုရားတဆူ၊ မဟာမြတ်မုနိပုံတော် ချိုင့်ခွက်ပါ ဖန်ဘုရားတဆူ၊ ဉာဏ်တော်သုံးလက်မခန့်ရှိ ကျိုက်ထီရိုးပုံစံ ဖိုက်ဘာရွှေရောင်ဆင်းတုတော်တစ်ဆူ၊ ငွေရောင် သောက်တော်ရေဖလား သုံးခွက်၊ ငွေဖလား အကြီးတလုံး၊ ဘုရားပန်းအိုး နှစ်လုံး၊ စိုက်မျိုးစုံ ခွတွေ၊ ဓား၊ အော်တိုမစ်တစ် လျှပ်စစ်ကြိုးခွေတွေနဲ့ ဘုရားနဲ့ပတ်သက်တဲ့ပစ္စည်းတွေ ဖမ်းစီးရမိပြီး လက်ပံတန်းမြို့မစခန်းကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
သတင်း-မေသွယ်