အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဥပဒေကြမ်း လွှတ်တော်အတည်ပြု
အောင်ဆန်းဦး
·
June 5, 2019
နိုင်ငံတော်အတွက် အခွန်ငွေဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ဖို့နဲ့ ပြောင်းလဲကျင့်သုံးနေတဲ့ အခွန်စနစ်အပေါ် အထောက်အပံ့ဖြစ်စေမယ့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။
ဇွန်လ ၄ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စု အစိုးရအဖွဲ့က ပေးပို့ထားတဲ့ အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေကြမ်းကို တပုဒ်ချင်းစီအလိုက် ဆွေးနွေး အတည်ပြုလိုက်တာပါ။
ဒီဥပဒေကြမ်းဟာ မြန်မာနိုင်ငံရဲ့ ပြောင်းလဲကျင့်သုံးနေတဲ့ အခွန်စနစ်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက်များစွာအထောက် အပံ့ဖြစ်စေမယ့် ဥပဒေကြမ်းဖြစ်ပြီး ဥပဒေကိုပြဋ္ဌာန်းလိုက်တဲ့အတွက် ၀င်ငွေခွန်ဥပဒေသစ်ကိုလည်း ရေးဆွဲနိုင်မှာဖြစ်ပါတယ်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်အုန်းရဲ့ ပြောဆိုချက် အရ အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဥပဒေအနေနဲ့ မကြာခင်မှာ ဆောင်ရွက်တော့မယ့် ICT စနစ်ကိုအခြေခံတဲ့ အခွန်ကောက်ခံတဲ့ စနစ်အတွက်လည်း များစွာအထောက်အကူဖြစ်စေမှာ ဖြစ်ပြီး အခွန်အကောက်ရငွေ အပိုင်းမှာလည်း တိုးတက်ရရှိဖို့အတွက် အထောက်အကူ ဖြစ်စေမယ်လို့ ဆိုပါတယ်။
အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးပါက နိုင်ငံတော်အတွက် အခွန်ငွေပိုမိုရရှိနိုင်မှာ ဖြစ်သလို တဖက်မှာလည်း အခွန်ထမ်းပြည်သူတွေအနေနဲ့ အခွန်မတရားေ ကာက်ခံမှုကနေ ကင်းဝေးစေမှာဖြစ်သလို အခွန်တိမ်းရှောင်တာနဲ့ အခွန်ဆုံးရှုံးမှုတွေလည်း လျော့နည်းလာမှာဖြစ်တယ်လို့ ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးနေမျိုးထွန်းက မှတ်ချက်ပြုပါတယ်။
အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဥပဒေကြမ်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် မတ်လ ကတည်းက လွှတ်တော်ထံ ပေးပို့ထားတာပါ။
ဒီဥပဒေကြမ်းကို သက်ဆိုင်ရာအဖွဲ့အစည်းတာဝန်ရှိသူတွေ၊ နိုင်ငံတကာ အကြံပေးပုဂ္ဂိုလ်တွေနဲ့ လွှတ်တော်ပိုင်းဆိုင်ရာ ကော်မတီအဖွဲ့ဝင်တွေဟာ အချိန် ၁ နှစ်ကျော်ကြာ ညှိနှိုင်းဆွေးနွေးပြီးမှ ပြည်ထောင်စုလွှတ်တော်ထံ တင်သွင်းပြီး အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။