Home
မြန်မာသတင်း
အေအေရခိုင်မှာ အခြေစိုက်ခြင်း လက်မခံဟု တပ်မတော်ပြောကြားချက် ခိုင်သုခ တုံ့ပြန်
DVB
·
June 3, 2019
ရက္ခိုင့်တပ်တော် (အေအေ) ရခိုင်ပြည်နယ်အတွင်း အခြေစိုက်ခြင်းကို လက်မခံဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ပြောဆိုချက်ဟာ ငြိမ်းချမ်းကို လိုလားခြင်းမရှိတာ ပေါ်လွင်နေကြောင်း အေအေပြောခွင့်ရသူက ဒီနေ့ ပြန်လည်တုံ့ပြန် ပြောပါတယ်။ အေအေ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက "ပထမတချက်အနေနဲ့ ပြောချင်တာက ဗမာစစ်တပ်ဘက်က အေအေကို ရခိုင်ပြည်မှာ လက်မခံဘူးလို့ ပြောတဲ့ဥစ္စာက သူတို့ကနေပြီးတော့ ငြိမ်းချမ်းရေးလိုချင်တဲ့ ဆန္ဒမရှိဘူးဆိုတဲ့ဥစ္စာကို ဖော်ပြနေတာဖြစ်တယ်။ နောက်တခုက ပြည်သူလုထုရဲ့ဆန္ဒတွေကို ဆန့်ကျင်နေတာလို့ မြင်တယ်။ ဘာလို့ဆိုတော့ ရခိုင်ဒေသမှာ ရက္ခိုင့်တပ်တော် အေအေဟာ ရခိုင်ဒေသမှာ မရှိမဖြစ်လိုအပ်နေတဲ့ Institution တခုဖြစ်တယ်။" ဒါ့အပြင် ရက္ခိုင့်တပ်မတော်ကို မြန်မာတပ်မတော်ဘက်က လက်ခံစရာ မလိုကြောင်း၊ ရခိုင် လူထုကသာ လက်ခံဖို့လိုကြောင်းနဲ့ ရခိုင်ပြည်နယ်အနှံ့မှာ နေရာယူကာ အခြေစိုက်ထားပြီ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ “ဗမာစစ်တပ်က သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ရက္ခိုင့်တပ်တော်အနေနဲ့ ရခိုင်ပြည်မှာ ရာသက်ပန်ရှိနေမှာပဲ လက်ခံတာ မခံတာကတော့ သူတို့အပိုင်းပေါ့" ရခိုင့်တပ်တော်က ရခိုင်ပြည်မှာ အခြေစိုက်ထားပြီးပြီ။ ရခိုင်ပြည်အနှံ့မှာ ကျနော်တို့ နေရာယူထားပြီးပြီ။" အေအေ တောင်းဆိုတဲ့ ကွန်ဖက်ဒရေးရှင်းနဲ့ ရခိုင်ပြည်နယ်မှာ အခြေစိုက်တာကို လုံးဝလက်မခံဘူးလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်မှာ ဇွန်လ ၂ ရက်နေ့က ပြုလုပ်တဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦးက “နံပါတ် ၁ သူတို့ပြောတဲ့ ကွန်ဖက်ဒရေးရှင်း၊ ဒီကိစ္စကို ကျနော်တို့ လုံးဝလက်မခံပါဘူး။ နောက်တခုက ရခိုင်ဒေသမှာ အေအေ အခြေခံတာကို လုံးဝ လက်မခံပါဘူး၊ ဒါကတော့ တပ်မတော်ရဲ့ သဘောထား ဖြစ်ပါတယ်။” လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေကြောင့် စစ်ရှောင်ဒုက္ခသည် ၄၀၀၀၀ ကျော် တိမ်းရှောင်နေကြရပါတယ်။ ဒီကနေ့မှာလည်း မင်းပြားမြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စပါးထားကျေးရွာက ဒေသခံအရပ်သား ၅ ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိနေသလို ရွာသားတွေလည်း ထွက်ပြေးနေကြပါတယ်။ ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024