ဧရာဝတီတိုင်းအတွင်း သဘာဝဘေးအန္တရာယ် ကူညီနိုင်ရန် အသင့်ပြင်ထား
DVB
·
May 29, 2019
ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်မျိုးစုံ ကျရောက်လာရင် ချက်ချင်း ကူညီနိုင်ဖို့ အိမ်ထောင်စု ၇၇၀၀ စာအတွက်ကို တိုင်းဒေသကြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဦးစီးဌာနက အသင့်ပြင်ဆင်ထားပါတယ်။
သဘာဝဘေးချက်ချင်းကူညီနိုင်ဖို့ ဧရာဝတီတိုင်းဒေသကြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဦးစီးဌာနရုံးမှာ အိမ်ထောင်စု ၅၀၀၀ စာနဲ့ မြောင်းမြ၊ မအူပင်၊ ဟင်္သာတ၊ ဖျာပုံနဲ့ လပွတ္တာခရိုင်ရုံးတွေမှာ အိမ်ထောင်စု ၅၀၀ စာစီ၊ ပြင်စလူမြို့ရုံးမှာ အိမ်ထောင်စု ၁၀၀ စာ၊ ဘိုကလေးနဲ့သာပေါင်းမှာ အိမ်ထောင်စု ၅၀ စာစီ ကူညီပေးနိုင်ဖို့အသင့်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဦးစီးဌာန ညွန်ကြားရေးမှူးဦးသန်းစိုးက "ချက်ချင်းကူညီနိုင်ဖို့ အသင့်ပြင်ဆင်ထားတာပါ။ မြို့နယ်ရုံးတွေမှာ ကူညီပေးလိုက်လို့ နည်းသွားရင် ခရိုင်ရုံးတွေက ချက်ချင်းပြန်ဖြည့်တင်းပေးပါတယ်။ ခရိုင်ရုံးတွေမှာ လျော့သွားရင်လည်း တိုင်းရုံးက ချက်ချင်းပြန်ဖြည့်ပေးပါတယ်။ တိုင်းမှာနည်းသွားရင်တော့ ဗဟိုကိုလှမ်း အကြောင်းကြားပါတယ်။ ရုံးက ရန်ကုန် ဗိုလ်တထောင်မှာ ရှိနေတော့ ချက်ချင်း အချိန်မီလာပြီး လျော့သွားတဲ့ အိမ်ထောင်စု စာတွေ ချက်ချင်းဖြည့်နိုင်ပါတယ်။" လို့ ပြောပါတယ်။
သဘာဝဘေးကြောင့်လဲပြိုသွားတဲ့ သစ်သားနေအိမ် တအိမ်ကို ငွေကျပ် ၂ သိန်းနဲ့ အိမ်ရှိလူတဦးကို တပတ်စာ ဆန်ရိက္ခာ ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး စီပေးမှာဖြစ်ပြီး ဝါးဓနိအိမ်ကို ငွေကျပ် ၁ သိန်းနဲ့ လူတစ်ဦးစီကို တပတ်စာ ဆန်ရိက္ခာနဲ့ ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး၊ အမိုးလန်သွားတဲ့ အိမ်တွေအတွက်ကို ငွေကျပ် ၁ သောင်းကနေ ၉ သောင်းအထိနဲ့ လူတဦးစီကို တပတ်စာဆန်ရိက္ခာ ကူညီထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာ ၂၀၁၉ ခုနှစ် ဧပြီလနှောင်းပိုင်းနဲ့ မေလအတွင်းမှာ လေပြင်း တိုက်ခတ်တာကြောင့် အိမ်ခြေ ၃၀၀ ကျော် ပြိုလဲ အမိုးလန်ပျက်စီးခဲ့တာကြောင့် တိုင်းဒေသကြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဦးစီးဌာနက ကူညီထောက်ပံ့ပေးခဲ့ ပါတယ်။
မြမင်းဦး(ပုသိမ်)