သတင်းနှင့်ဓာတ်ပုံခိုးယူသည့် လူမှုကွန်ရက်နှင့် ဝက်ဘ်ဆိုဒ် ၃၀ ကျော် စာရင်းထုတ်ပြန်
ပိုင်စိုး
·
May 27, 2019
သတင်းဌာနတွေဆီကနေ သတင်း၊ ဆောင်းပါးနဲ့ ဓာတ်ပုံတွေ ခိုးယူပြီးဖြန့်ဝေတဲ့ လူမှုကွန်ရက်နဲ့ ဝက်ဘ်ဆိုဒ် ၃၀ ကျော်ရဲ့စာရင်းကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ဒါဟာသတင်းတု၊ သတင်းယောင်၊ သတင်းမှား ရေးသားဖြန့်ဖြူးနေတာတွေကို ဖော်ထုတ်ပြီး အများပြည်သူကို အသိပေးဖြန့်ဝေလိုက်တာ ဖြစ်ပါတယ်။
ဒီနေ့ထုတ်ပြန်တဲ့ စာရင်းမှာ သတင်းဝက်ဘ်ဆိုဒ်နဲ့ လူမှုကွန်ရက်စာမျက်နှာ ၃၁ ခုပါပြီး တချို့ဆိုရင်သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေကို လိုက်ခ်လုပ်ထားသူ ပေါင်း သိန်း ၄၀ ကျော်ထိ ရှိနေတာ တွေ့ရပါတယ်။
အများစုမှာ ဝက်ဘ်ဆိုဒ်ရှိနေကြပြီး Pho Thu Taw နဲ့ Shwe Mon ဆိုရင် မိုဘိုင်း အပလီကေးရှင်းလည်း ရှိတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဝက်ဘ်ဆိုဒ်နဲ့ လူမှုကွန်ရက်စာမျက်နှာတွေကို အမည်ပျက်အဖြစ် သတ်မှတ်ထုတ်ပြန်မယ်လို့ မီဒီယာကောင်စီက ပြီးခဲ့တဲ့ ဧပြီလကပဲ ထုတ်ပြန်ထားတာပါ။
ကိုးကားတဲ့ သဘောထက်ပိုလွန်ပြီး ခိုးကူးဖော်ပြတာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာကြောင့် သတင်းမီဒီယာဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေတယ်လို့ ဆိုပါတယ်။
အဲဒီ သတင်းဝက်ဘ်ဆိုဒ်တွေ၊ လူမှုကွန်ရက်တွေပေါ်မှာ တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီတွေ အပါအဝင် စီးပွားရေးလုပ်ငန်းတွေက ကြော်ငြာတွေ ထည့်သွင်းနေပြီး နောက်နောင်မှာ မထည့်သွင်းဖို့လည်း တိုက်တွန်းထားပါတယ်။