ချီးကျူးဂုဏ်ပြုထိုက်သူများအဖြစ် လေယာဉ်မှူးကြီး မြတ်မိုးအောင်နှင့်အဖွဲ့ကို ရွေးချယ်
DVB
·
May 25, 2019
ရှေ့ဘီးချမရလို့ ရှပ်တိုက်ဆင်းခဲ့ရတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်းက လေယာဉ်မှူးကြီးနဲ့ အဖွဲ့သားတွေကို မေလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူတွေအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကျေးဇူးတင်လွှာထုတ်ပြန်လိုက်ပါတယ်။
အဲဒီစာမှာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်က မန္တလေး လေဆိပ်ကိုဆင်းသက်မယ့် မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် လေယာဉ်ဟာ ရှေ့ဘီးမကျလို့ လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်က အရေးပေါ်အခြေအနေ ကြေညာပြီး တွဲဖက်လေယာဉ်မှူးတွေနဲ့ လေယာဉ် အဖွဲ့သားတွေကို အသေးစိတ်လမ်းညွှန် လိုက်နာဆောင်ရွက်စေတာ၊ ခရီးသည်တွေကို အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေအတိုင်း လိုက်နာဆောင်ရွက်စေတာတို့ကို စနစ်တကျ ဆောင်ရွက်ခဲ့တယ် လို့ ဆိုပါတယ်။
ပြီးတော့ ဘေးကင်းကင်းဆင်းနိုင်ဖို့အတွက် ပေါင် ၃၀၀၀ လောက်ရှိတဲ့ လေယာဉ်ဆီတွေ လျော့သွားဖို့ လှည့်ပတ်ပျံသန်းခဲ့သလို အရေးပေါ်ဆင်းသက်ဖို့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်တာတွေ၊ ဆက်သွယ်တာတွေကို မှန်မှန် ကန်ကန်ဆောင်ရွက်ခဲ့ပြီး ခရီးသည်တွေအားလုံး ဘေးကင်းရုံသာမက လေယာဉ်ကိုလည်း ထိခိုက်တာ အနည်းဆုံးဖြစ်အောင် တည်တည်ငြိမ်ငြိမ်နဲ့ ဆင်းသက်ပေးနိုင်ခဲ့ တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါကြောင့် အခုနှစ်မေလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူတွေအဖြစ် လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်၊ တွဲဖက်လေယာဉ်မှူး ဦးကောင်းဆက်လင်းနဲ့ ဦးမျိုးသီဟအောင်၊ ခရီးသည်တွေ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေနဲ့အညီ ဆောင်ရွက်နိုင်ခဲ့တဲ့ အကြီးတန်း လေယာဉ်မယ် ဒေါ်ချယ်ရီမြင့်၊ လေယာဉ်မယ် ဒေါ်ကေဂျာဆန်အောင်၊ ဒေါ်ခိုင်ဇာလင်းနဲ့ ဒေါ်ဥမ္မာအောင်တို့ကို ရွေးချယ်ပြီး ကျေးဇူးတင်လွှာ ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။