Home
မြန်မာသတင်း
အင်္ဂပူမြို့နယ်တွင် တရားမ၀င် ကျောက်စရစ်ထုတ်ယူမှု ရပ်တန့်ရန် တောင်းဆို
DVB
·
May 15, 2019
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်မှာ တောင်တွေကနေ တရားမ၀င် ကျောက်စရစ် ထုတ်ယူနေတဲ့အတွက် လယ်တွေပျက်စီးပြီး ကျေးရွာချင်းဆက်လမ်းမတွေ ပျက်စီးနေလို့ ကျောက်စရစ်ထုတ်ယူ နေတာတွေကို ရပ်ပေးဖို့ ဒေသခံတွေက တောင်းဆိုပါတယ်။ အင်္ဂပူမြို့နယ်မှာ  တောင်တွေကနေ တရားမဝင် ကျောက်စရစ်ထုတ်ယူနေတဲ့ လုပ်ကွက်ပေါင်း  ၂၈ ခုကျော် ရှိနေတာပါ။ တောင်ပို့ပေါက်ရွာ၊ တောင်နီရွာ၊ ဆွမ်းချက်အင်း၊ စေတီခုံ၊ ရှမ်းစု စတဲ့ကျေးရွာတွေရှိ တောင်တွေကနေ  တရားမဝင် ကျောက်စရစ်ထုတ်ယူနေတဲ့အတွက် မြေအနိမ့်ပိုင်းရှိ လယ်မြေတွေကို သဲတွေဖုံးလွှမ်းတာနဲ့ ကျောက်စရစ်သယ်တဲ့ ကားတွေကြောင့် ကျေးရွာ ချင်းဆက်လမ်းမတွေ ပျက်စီးတာတွေနဲ့ တွေ့ကြုံနေကြရတာပါ။ တောင်ပို့ကျေးရွာ လယ်သမားဦးစိုးဝင်းက “ကျနော်တို့လယ်တွေက အနိမ့်ပိုင်းမှာရှိတာ။ ခုတောင်တွေပေါ်မှာ ကျောက်စရစ်ထုတ်နေတော့ မိုးရွာလို့ ရေစီးရင် ကျနော်တို့လယ်တွေထဲကို ကျမယ်။ အဲလိုသဲတွေကျရင် လယ်ပျက်မယ် နှစ်ကြာလာရင်။ လုံးဝလယ်လုပ်ဖို့တောင် အခက်တွေ့မယ်လေ။ နောက်ဆို ကြည့်လိုက် ဘယ်လောက်တောင် ပျက်စီးမလဲဆိုတာ ကျနော်အနေနဲ့က ကျောက်စရစ်ထုတ်တာကို တိုင်တယ်။ လာစစ်တယ်၊ ပြန်ရင် ပြန်လုပ်တယ်။ ဒါကလည်း တရားမဝင်ဘူး။ ဒီတော့ ခုလုပ်နေတဲ့ ကျောက်စရစ်ထုတ်လုပ်တာကို လုံးဝ ရပ်တန့်ပေးစေချင်တယ်”လို့ ပြောပါတယ်။ တောင်ပို့ပေါက်ကျေးရွာမှာတော့ ကျောက်စရစ်ထုတ်လုပ်နေတဲ့ လုပ်ကွက်တွေနဲ့ လယ်သမားတွေ မကြာခဏ အချင်းပွားတာတွေရှိပါတယ်။ တောင်ပို့ကျေးရွာရှိ လုပ်ကွက်တွေဟာ ရိုးမြောင်းအထက်ပိုင်းမှာရှိပြီး ရိုးမြောင်းတွင်းက လယ်မြေဧက ၁၀၀ ကျော်ဟာ မိုးတွင်းအခါ သဲမြေတွေ ဖုံးလွှမ်းမယ့် အခြေအနေနဲ့ တွေ့ကြုံနေရပါတယ်။ တောင်နီကျေးရွာ၊ ဆွမ်းချက်အင်းကျေးရွာတွေမှာ နှစ်စဉ် တရားမဝင်ကျောက်စရစ် ထုတ်ယူ နေတာတွေကြောင့် လယ်မြေတွေ ပျက်စီးလာလို့ ဌာနဆိုင်ရာအဆင့်ဆင့်ကို တိုင်တန်းခဲ့ပေမယ့် တစုံတရာ အရေးယူတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စေတီခုံ၊ ရှမ်းစုကျေးရွာတွေမှာတော့ တရားမဝင် ကျောက်စရစ်ထုတ်ယူနေပြီး ကျောက်စရစ်သယ်ကားတွေက ဝန်အဆမတန် တင်ဆောင်တာတွေကြောင့် ရွာချင်းဆက် လမ်းမတွေ ပျက်စီးနေပါတယ်။ ရှမ်းစုကျေးရွာနေ ဦးကျော်နိုင်က “ကားတွေက ပြင်ပြီးစ လမ်းမတွေကိုမောင်းတယ်၊ အဲတော့ ပျက်စီးတာပေါ့၊ ပြောတော့ ဘာမထူးဘူး။ တချို့နေရာတွေက ကိုယ်ထူကိုယ်ထနဲ့ လုပ်ထားတာ ပြီးတော့ ခုလုပ်နေတဲ့ ကျောက်စရစ်ထုတ်နေတာတွေက တရားမဝင်ဘူးလို့ သိရတယ်။ ပျက်စီးတာတွေကို သင့်တင့်သလိုပြင်ပေးဖို့ပြောတော့လည်း မထူးခြားပါဘူး။ အဲတော့ ရေရှည် အခုလိုလုပ်နေရင်တော့ လမ်းတွေက ပျက်စီးမှာပဲ။ ဒါတွေကို လွှတ်တော်ကိုယ်စားလှယ် တို့ ဌာနဆိုင်ရာတို့က တာဝန်ယူဖြေရှင်း ပေးစေချင်တယ်”လို့ ပြောပါတယ်။ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဇင်ကတော့ “ကျနော် မနှစ်ကတည်းက သိတယ်။ အင်္ဂပူမှာ တရားမဝင်ကျောက်စရစ်လုပ်ကွက်ပေါင်း ၂၈ ကျော်လောက်ရှိတယ်။ အဲဒါတွေအားလုံး တရားမဝင်ဘူး။ အခုနှစ်လည်း ကျနော်ကွင်းဆင်း နေတယ်။ မြို့နယ်ထွေအုပ်ကိုလည်း ဒီကိစ္စတွေ စိစစ်ပြီး တားဆီးပေးဖို့ ပြောထားတယ်။ လက်ရှိ အသေးစိတ်အချက်အလက် ယူနေတယ်။ ပြီးရင်လွှတ်တော်မှာ မေးခွန်းမေးမယ်။ ခုဖြစ်စဉ်တွေကို အစိုးရအနေနဲ့ ဘယ်လိုတွေ အရေးယူမလဲ ဘာတွေလုပ်ဆောင်မလဲ ဆိုတာကိုမေးဖို့ စီစဉ်နေပါတယ်”လို့ ပြောပါတယ်။ အင်္ဂပူမြို့နယ်မှာ တရားမဝင်ကျောက်စရစ်ထုတ်လုပ်နေတာကို မြို့နယ်ထွေအုပ် ဦးဆောင်ပြီး စစ်ဆေးတာတွေ စတင်လုပ်ဆောင်နေတာ တလနီးပါးရှိနေပေမယ့် ခုချိန်အထိ လုပ်ကွက်တွေက ရပ်ဆိုင်းသွားတာ မရှိသေးပါဘူး။ သန်းထိုက်မြင့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024