အိုးရှင်းဝေ့ကုမ္ပဏီ၏ ဖိုက်ဘာဆက်သွယ်ရေးပုံးများ ဖျက်ဆီးခံရ
Aung Aung Naing
·
May 12, 2019
မန္တလေးမြို့တွင်း မြို့နယ်သုံးခုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတခုဖြစ်တဲ့ အိုးရှင်းဝေ့ကုမ္ပဏီရဲ့ အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ ဖိုင်ဘာဆက်သွယ်ရေးပုံးတွေ ဖျက်ဆီးခံခဲ့ရတယ်လို့ ကုမ္ပဏီ တာဝန်ခံက ပြောပါတယ်။
အိုးရှင်းဝေ့ကုမ္ပဏီရဲ့တာဝန်ခံ ကိုအာကာဇွဲက “ကျနော်တို့ ၅ လပိုင်း၊ ၉ ရက်နေ့မှာ အင်တာနက်တပ်ဆင်ထားတဲ့ ဖိုက်ဘာပုံးတွေ ဖျက်ဆီးခံခဲ့ရတယ်။ မန္တလေးမြို့တွင်း သုံးမြို့နယ်မှာ ၆ နေရာက ဆက်သွယ်ရေး ဖိုက်ဘာပုံးတွေ ဖျက်ဆီးခံခဲ့ရပြီး လူဦးရေ ၇၀၀ ကျော် လိုင်းပြတ်တောက်ခဲကြရလို့ ဖျက်ဆီးခဲ့တဲ့သူတွေကို အရေးယူပေးဖို့ အမှတ် ၁ နယ်မြေရဲစခန်းမှာ တိုင်ကြားခဲ့တယ်” လို့ ပြောပါတယ်။
အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နဲ့ မဟာအောင်မြေမြို့နယ်တွေမှာ ဖိုင်ဘာဆက်သွယ်ရေးပုံးတွေ ဖျက်စည်းခံခဲ့ရတာပါ။
“အခုလိုအင်တာနက်လိုင်း ဝိုင်ဖိုင်ပျက်သွားခဲ့တဲ့အတွက် အရမ်းဒုက္ခရောက်ခဲ့ကြရတယ်။ ဟိုတယ်လုပ်ငန်းရှင်တွေအနေနဲ့ အခက်အခဲတွေဖြစ်တယ်။ အင်တာနက် အီးမေးလ်တွေကနေ ဘိုကင်တွေ ကြိုပြီး လက်ခံရတာရှိတယ်။ အခုလို အင်တာနက်က မရတော့ ကျနော်တို့အဆင်မပြေဘူး” လို့ ဟိုတယ်တခုရဲ့ မန်နေဂျာ ကိုခိုင်မင်းဦးက ပြောပါတယ်။
အိုရှင်းဝေ့ကုမ္ပဏီက ISP အင်တာနက်ဝန်ဆောင်မှုကို မြန်မာတပြည်လုံး ပေးနေတဲ့ ကုမ္ပဏီဖြစ်ပြီး ဆက်သွယ်ရေးဝန်ဆောင်မှုလိုင်စင်ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီက ရရှိခဲ့တဲ့ ကုမ္ပဏီတခုလည်းဖြစ်ပါတယ်။
မန္တလေး၊ ပြင်ဦးလွင်၊ မိတ္ထီလာ ပုဂံညောင်ဦးမြို့အပါအဝင် မြို့ကြီး ၁၅ မြို့ကို lSP အင်တာနက်ဝန်ဆောင်မှုပေးနေတာပါ။