၂၂ ဘီးယာဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးအကြော်ဆိုင်ဝင်တိုက်၊ အကြော်သည် သေဆုံး
DVB
·
May 4, 2019
တိုက်ကြီးမြို့နယ်မှာ ၂၂ ဘီးယာဉ်တစီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးအကြော်သည်နဲ့ လူအချို့ကို ၀င်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
မေ ၂ ရက်နေ့ညနေပိုင်း တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ (၃) ရပ်ကွက် လိန်ပင်လမ်းဆုံမှာ အောင်မြင့်မြတ် ၂၂ ဘီးယာဉ်(လိုင်စင်-စိစစ်ဆဲ) က အဖျောက်-ဇကာကြီး ကားလမ်းကို ချိုးကွေ့စဉ် အရှိန် မထိန်းနိုင်ဘဲ လမ်းဘေးမှာ အကြော်ကြော်နေတဲ့ ဒေါ်မာလာရီ နဲ့ လမ်းလျှောက်နေတဲ့ မသန်းသန်းနွယ်၊ ဦးမြင့်ဦး တို့ကို ဝင်ရောက်တိုက်မိခဲ့တာပါ။
ယာဉ်တိုက်မှုကြောင့် ဒေါ်မာလာရီ (၅၉) နှစ်မှာ ဦးခေါင်းထိပ်၊ ရင်ဘတ်၊ ယာခြေထောက်၊ ကျောကုန်း ပေါက်ပြဲပွန်းပဲ့ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ယာဉ်မောင်းနဲ့ လမ်းလျှောက်နေသူ နှစ်ဦးကတော့ မစိုးရိမ်ရ ဒဏ်ရာတွေရရှိခဲ့တာကြောင့် အဖျောက် တိုက်နယ်ဆေးရုံကို ပို့ဆောင်ကုသခဲ့တယ်လို့ ဆိုပါတယ်။
အောင်မြင့်မြတ်အား အဖျောက်နယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ (ပေါ့လျော့မှုကြောင့် လူသေမှု၊ ပြင်းထန် နာကျင်စေမှု၊ ယာဉ်မဆင်မခြင် မောင်းနှင်မှု) နဲ့ အမှုဖွင့်စုံစမ်းနေပါတယ်။