Homeမြန်မာသတင်း
စစ်တွေမြို့တွင် ခမီအမျိုးသားနေ့ ကျင်းပ၊ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရန် တောင်းဆို
စစ်တွေမြို့တွင် ခမီအမျိုးသားနေ့ ကျင်းပ၊ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရန် တောင်းဆို
DVB
·
April 28, 2019
၉ ကြိမ်မြောက် ခမီအမျိုးသားနေ့ကို စစ်တွေမြို့၊ ခေမာမဏ္ဍိုင် ကျောင်းတိုက်မှာ ဧပြီလ ၂၇ ရက်နေ့က အကျဉ်းချုံးကျင်းပခဲ့ပြီး စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်နိုင်ဖို့ တောင်းဆိုခဲ့ တယ်လို့ ခမီစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးလေကျော်အောင်က ပြောပါတယ်။
"ဒီနှစ် (၉) ကြိမ်မြောက် ခမီအမျိုးသားနေ့ကို မြောက်ဦးမြို့နယ်မှာ ကျင်းပဖို့ စီစဉ်ထား တာပါ။ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခကြောင်း စစ်တွေမြို့မှာ ကျင်းပပေမယ့်လည်း အရင်နှစ်တွေလို ခမ်းနားကြီးကျယ်စွာ မကျင်းပနိုင်ခဲ့ပါ။ အရင်နှစ်တွေကဆို ခမီရိုးရာ အကပဒေသာတို့ ပါဝင်ပါတယ်။ ဒီနှစ်မှာတော့ ကလေး ၂ ဦးလောက်သာ အကပဒေသာ အနေနဲ့ ကပြခဲ့ပြီး အကျဉ်းချုံးကျင်းပခဲ့ရပါတယ်"လို့ ပြောကြားပါတယ်။
ဧပြီလ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ (၉) ကြိမ်မြောက် ခမီအမျိုးသားနေ့မှာ မြန်မာ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူတွေ ဒုက္ခများစွာရောက်ရှိနေကြတဲ့အတွက် အဆိုပါစစ်ရေး ပဋိပက္ခများကို စစ်ရေးအရထက် ငြိမ်းချမ်းတဲ့ လမ်းစဉ်နဲ့ နိုင်ငံရေးစားပွဲဝိုင်းပေါ်မှာ ဖြေရှင်းဖို့ တောင်းဆိုလိုက်ကြောင်း ဦးလေကျော်က ပြောပါတယ်။
"စစ်ဘေးရှောင်ပြည်သူတွေ နေရပ်မြန်မြန်ဆန်ဆန်ပြန်နိုင်စေဖို့ တောင်းဆိုချင်ပါတယ်။ မိုးရာသီလည်း ရောက်တော့မယ် အခုရက်ပိုင်းအတွင်း မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်မှာ မိုးကြီးလာနိုင်တယ်။ နောက်ပြီးတော့ အခုဖြစ်နေတဲ့ စစ်ရေးပဋိပက္ခကိုလည်း ငြိမ်းချမ်းတဲ့ လမ်းစဉ် နဲ့ နိုင်ငံရေး စားပွဲဝိုင်းမှာဖြေရှင်းပြီး ရခိုင်ပြည်သူ ပြည်သားတွေ အေးချမ်းသာယာအောင် ဆောင်ရွက် ပေးစေချင်တယ်။ နိုင်ငံရေးကို စစ်ရေးနဲ့ ဖြေရှင်းမယ့်အစား စားပွဲဝိုင်းပေါ် မှာပဲ ဖြေရှင်းစေချင်တယ်”လို့ ခမီစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးလေကျော်အောင်က ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းတွင်တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၃သောင်းကျော်ရှိနေပြီး ယင်းအထဲတွင် တောင်ပေါ်နေ ခမီလူမျိုးတို့လည်း ပါဝင်ကြပြီး စစ်ဘေးရှောင်နေကြတဲ့ ခမီတိုင်းရင်းသားတွေကတော့ ကျောက်တော်မြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ အများစုနေထိုင်ကြပါတယ်။
ရခိုင်ပြည်နယ်မှာ ခမီတိုင်းရင်းသား ၁ သိန်းလောက်ရှိရာ စစ်တွေမြို့နယ်၊ ကျောက်တော် မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ အမ်းမြို့နယ် နဲ့ မောင်တောမြို့နယ်တို့တွင် နေထိုင်ကြကြောင်း သိရပါတယ်။
(၉) ကြိမ်မြောက် ခမီအမျိုးသားနေ့ကို ပြည်နယ်အစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးပုန်ဘွေ နဲ့ ကမန်၊ မြို၊ ဒိုင်းနက်၊ ရခိုင် စတဲ့ တိုင်းရင်းသားမျိုးနွယ်စုဝင် ၂၀၀ ကျော်လောက် တက်ရောက်ခဲ့ပါတယ်။
ဗညား