Home
မြန်မာသတင်း
လေကြောင်းပျံသန်းရေးနှင့် ရေယာဉ် သင်္ဘောများကို မိုးဇလသတိပေး
DVB
·
April 28, 2019
ဆိုင်ကလုန်းမုန်တိုင်း ဖန်နီဟာ  နောက် ၃၆ နာရီအတွင်း အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်ပြီး လေကြောင်းပျံသန်းရေး၊ ကမ်းနီး၊ ကမ်းဝေး ငါး ဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ သတိပြုကြဖို့ မိုးဇလက သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာစံတော်ချိန် ၅ နာရီခွဲ အချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယ သမုဒ္ဒရာတို့မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်း မုန်တိုင်း ဖန်နီဟာ သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့ ရဲ့ အရှေ့-အရှေ့တောင်ဘက် မိုင် ၄၁၀ ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၅၈၀ ခန့်၊ မာချီလီပတ္တနမ်မြို့ရဲ့ တောင်-အရှေ့တောင်ဘက် မိုင် ၆၈၀  ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း ဖန်နီရဲ့ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံဘက်ကို ဦးတည် ရွေ့လျားမယ့် အခြေအနေမရှိသေးလို့ အဝါရောင်အဆင့်သတ်မှတ်ထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းရဲ့ ဗဟိုချက်လေဖိအား ၉၉၉ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ မိုင်(၅၀)နှုန်း ဖြစ်ပါတယ်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း ဖန်နီဟာ နောက် ၃၆ နာရီအတွင်း အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဖြစ် ရောက်ရှိနိုင်ပြီး အနောက်မြောက်ဘက်ကနေ နောက် ၇၂ နာရီအတွင်း အရှေ့မြောက်ဘက်ကို ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါး ဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့ ကြိုတင်သတိပြုနိုင်ဖို့ အကြံပြုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024