သင်္ကြန်တွင်း အရက်မူးပြီး ညီအစ်ကိုချင်း စကားများရန်ဖြစ်ရာ ဓားဖြင့် ထိုးသတ်
DVB
·
April 17, 2019
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားကျေးရွာမှာ သင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက်ညမှာ အရက်သေစာသောက်စားပြီး စကားများ ရန်ဖြစ်ရာ ညီဖြစ်သူက အစ်ကိုဖြစ်သကို ဓားနဲ့ ထိုးသတ်မှုဖြစ်ပွားခဲ့တယ်လို့ နဘားကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။
နဘားကျေးရွာအုပ်ချုပ်ရေးမှူး ဦးညီညီဝင်း က “အောင်သပြေရပ်ကွက်နေ ရာကျော်နဲ့ နေလင်းထွန်းတို့ ညီအစ်ကိုနှစ်ဦး အရက်သေစာသောက်စားပြီး ရန်ဖြစ်ရာ ညီဖြစ်သူ နေလင်းထွန်းက ရာကျော်ကို ဓားဖြင့်ထိုးရာ သေဆုံးခဲ့တာဖြစ်တယ်”လို့ ပြောပါတယ်။
ကိုရာကျော်ရဲ့ ဝဲဘက်ရင်ညွန့်အောက် ထိုးသွင်းဒဏ်ရာ(၁)လက်မခန့်ရရှိပြီး အခင်းဖြစ်ပွား တဲ့ နေရာမှာပဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အင်းတော်မြို့မရဲစခန်းက နေလင်းထွန်းကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း- ကိုကိုလင်း(အင်းတော်)