ရမ်းဗြဲမြို့နယ်တွင် ရခိုင်ရိုးရာ နားမွှေးတော်ဓာတ်တက်ပွဲ ကျင်းပ
DVB
·
April 17, 2019
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် အတွင်းပြင်ကျေးရွာမှာ နှစ်ဆန်း ၁ရက်နေ့က ရခိုင်ရိုးရာ နားမွှေးတော်ဓာတ်တက်ပွဲကို ကျင်းပပါတယ်။
ရခိုင်ဘုရင် မင်းဗာကြီးရဲ့ မိဖုရား စောမဲကြည် တည်ထားကိုးကွယ်ခဲ့တာကို အကြောင်းပြုပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ကျော်ကတည်းက မြန်မာနှစ်ဆန်း ၁ ရက်နေ့ရောက်တိုင်း ပွဲတော် ကျင်းပတာဖြစ်တယ်လို့ နားမွှေးတော် စေတီတော် တာဝန်ရှိသူတွေကပြောပါတယ်။
နားမွှေးတော်ဓာတ်ကိုတော့ အနီးနားကျေးရွာ ၁၂ရွာက ဘုရားဖူးယဉ်ကျေးမှုအဖွဲ့ ၁၂ဖွဲ့က အပျိုလူပျိုတွေက မြန်မာတူရိယာပစ္စည်းတွေနဲ့ တီးမှုတ်ကခုန်ကာ လာရောက်ဖူးမျှော်ခဲ့ကြတာပါ။
ဒီနှစ်ထူးခြားချက်အနေနဲ့ တူရိယာ ၅ မျိုး စုံစုံလင်လင်နဲ့ ဖျော်ဖြေခွင့်ရခဲ့ပြီး ရခိုင်ရိုးရာဝတ်စုံကိုသာ ဝတ်ဆင်ဘုရားတက်ခဲ့ကြပါတယ်။
မြောက်ဦးဘက်က ဒေသခံတွေက အရင်နှစ်တွေက လာရောက်ခဲ့ပေမယ့် ဒီနှစ်မှာတော့ တိုက်ပွဲတွေကြောင့် မလာနိုင်ဘဲ နောင်နှစ်တွေမှာ အေးအေးချမ်းချမ်းနဲ့ လာနိုင်ပါစေလို့ ဆုတောင်းတဲ့ အကြောင်း ဗုဒ္ဓယဉ်ကျေးမှုအဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။
သတင်း - ယူမင်းစိုး