Home
မြန်မာသတင်း
နေမင်းကြီးက မြတ်စွာဘုရားကိုအလင်းရောင်ဖြင့် ပူဇော်ချိန်၌ မဟာဝိဇယစေတီတော်ကို သွားရောက်ရန်တိုက်တွန်း
DVB
·
April 9, 2019
နေမင်းကြီးက မြတ်စွာဘုရားကို အလင်းရောင်နဲ့ ဦးခိုက်ပူဇော်ချိန်မှာ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ပူဇော်ဆုတောင်းအဓိဋ္ဌာန်ပြုရင် အဓိဋ္ဌာန်အောင်ပြီး ဆုတောင်းပြည့်တဲ့အတွက် မဟာဝိဇယ စေတီတော်ကို သွားရောက်ကြဖို့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းစဉ်က ထုတ်ပြန်တိုက်တွန်းပါတယ်။ ရန်ကုန်၊ ရွှေတိဂုံဘုရားလမ်း ဓမ္မရက္ခိတကုန်းတော်ပေါ်မှာတည်ထားကိုးကွယ်တဲ့ မဟာဝိဇယ စေတီတော် ဂန္ဓကုဋိတိုက်ထဲက အပရာဇိတပလ္လင်ပေါ်မှာ သီတင်းသုံး စံပယ်နေတဲ့ ''မုဉ္စလိန္ဒာ နဂါးမျိုးနွယ်၊ နဂါးကိုးကောင်တို့က ဆင်းတုတော်ကို အသွယ်သွယ်ရစ်ပတ်ကာ ခန္ဓာကိုယ်များကို သင်္ကန်းသဖွယ်ကပ်လှူပူဇော်ထားတဲ့ နာဂစီဝရာပဋပဋိမာ မြတ်စွာ ဘုရားဆင်းတုတော်မြတ်ကို ရောင်ခြည်တထောင် အလင်းဆောင်တဲ့ ဘာနုရာဇာနေမင်းကြီးဟာ မိမိအလင်းရောင်နဲ့ တနှစ်မှာ တလ၊ တလမှာတရက်၊ ၁၃၈၁ ခုနှစ်၊ မြန်မာ နှစ်ဆန်း ၁ ရက်၊ ဧပြီ ၁၇ ရက်(ဗုဒ္ဓဟူးနေ့) မနက် ၈ နာရီ ၃၅ မိနစ်မှာ တကြိမ်၊ ညနေ ၃ နာရီ ၂၅ မိနစ်မှာ တကြိမ် နှစ်ကြိမ်တိုင်တိုင် ပူဇော်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီအချိန်မှာ မဖူးလိုက်ရ မရှိရလေအောင် သွားရောက်ဖူးမြော်ကြည်ညိုနိုင်ကြတယ်လို့ စေတီတော်ဂေါပကအဖွဲ့က ပြောကြောင်း အစိုးရသတင်းစာတွေမှာ ဖော်ပြပါတယ်။ နှစ်ဆန်းတရက်နေ့ ရောက်တိုင်းမှာ မနက်ဘက်ဆိုရင် အရှေ့ဘက်က၊ ညနေဆိုရင် အနောက်ဘက်ကနေ အဲဒီ ဗုဒ္ဓရုပ်ပွားတော်ကို လေးမိနစ်လောက် နေရောင်ခြည် ကျရောက်လေ့ရှိပြီး အဲဒီအချိန်မှာ လျှပ်စစ်မီးတွေကို ပိတ်ထားပါတယ်။ မဟာဝိဇယစေတီကို ၁၉၈၀ ခုနှစ်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌ ဦးနေဝင်းလက်ထက်မှာ တည်ထားခဲ့ပြီး ထီးတော်ကို ဦးနေဝင်းက လှူဒါန်းခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024