ဦးအောင်ခန့်ထံ ထုတ်ပယ်စာ နောက်ကျရောက်သည့်ကိစ္စ ပြန်စိစစ်မည်ဟု ဒေါက်တာမျိုးညွန့်ပြော
အာကာ
·
April 7, 2019
စည်ပင်ကိုယ်စားလှယ်လောင်း ဝင်ပြိုင်ခဲ့တဲ့ ဦးအောင်ခန့်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက ထုတ်ပယ်တဲ့စာ ကာယကံရှင်ဆီ အရောက်နောက်ကျတဲ့ကိစ္စကို ပြန်စိစစ်သွားမယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ခဲ့တဲ့ ဦးအောင်ခန့်ကို အန်အယ်လ်ဒီပါတီက ထုတ်ပယ်ကြောင်းစာဟာ ဧပြီ ၆ ရက်နေ့ကမှ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့လာခဲ့တာပါ။
ပါတီဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း လက်မှတ်ရေးထိုးထားတဲ့ အဲဒီစာမှာ မတ်လ ၁၆ ရက်နေ့က ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပယ်တယ်လို့ ဖော်ပြထားပြီး မတ်လ ၁၉ ရက်နေ့က စာထုတ်လိုက်တာပါ။
ဒါပေမယ့် အဲဒီ့စာဟာ ဧပြီ ၅ ရက်နေ့မှ ထုတ်ပယ်ခံရသူ ဦးအောင်ခန့်ဆီကို ရောက်တယ်လို့ ကာယကံရှင်က ပြောဆိုထားပါတယ်။
အန်အယ်လ်ဒီပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က “စာနောက်ကျတဲ့ ကိစ္စကိုတော့ ကျနော်တို့ သေချာပြန်စိစစ်မှာပါ။ လောလောဆယ်ပြောလို့ မရသေးပါဘူး။ ထုတ်ပယ်တာကတော့ စည်ပင်ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ မတင်ခင်ကတည်းက ထုတ်ပြန်ခဲ့သလိုပါပဲ။ ပါတီစည်းလုံးမှု မထိခိုက်စေဖို့ ပါတီက မရွေးဘဲ တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ရင် ပါတီက နုတ်ထွက်ရမှာ ဖြစ်ပါတယ်” လို့  ဒီဗွီဘီကို ပြောပါတယ်။