Home
မြန်မာသတင်း
ဧပြီ ၁ ရက်နေ့တွင် မြန်မာ့လူဦးရေ ၅၄ ဒသမ ၁ သန်း ရှိပြီ
ပိုင်စိုး
·
April 6, 2019
မြန်မာနိုင်ငံရဲ့ ခန့်မှန်းလူဦးရေဟာ ဧပြီ ၁ ရက်နေ့မှာ ၅၄ ဒသမ ၁ သန်းရှိတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကို အခြေခံပြီး နှစ်အလိုက်လူဦးရေစာရင်းကို ထုတ်ပြန်လိုက်တာပါ။ ဒီစာရင်းအရ ရန်ကုန်တိုင်းမှာ စုစုပေါင်း ၈,၂၀၃,၈၃၂ ယောက်၊ မန္တလေးတိုင်းမှာ ၆,၄၇၇,၇၄၀ ယောက်၊ ရှမ်းပြည်နယ်မှာ ၆,၃၃၂,၁၈၈ ယောက်၊ ဧရာဝတီတိုင်းမှာ ၆,၂၇၂,၉၁၃ ယောက်၊ စစ်ကိုင်းတိုင်းမှာ ၅,၅၅၀,၃၈၉ ယောက်၊ ပဲခူးတိုင်းမှာ ၄,၉၃၄,၄၂၈ ယောက်နဲ့ အများဆုံးရှိနေပါတယ်။ လူဦးရေ အနည်းဆုံးကတော့ ကယားပြည်နယ်ဖြစ်ပြီး စုစုပေါင်း ၃၂၀,၂၁၆ ယောက် ဖြစ်ပါတယ်။ တနိုင်ငံလုံး ခန့်မှန်းလူဦးရေကတော့ အမျိုးသမီး ၂၈,၁၅၂,၃၆၄ ယောက်၊ အမျိုးသား ၂၅,၉၄၈,၈၈၉ ယောက် ဖြစ်လို့ စုစုပေါင်း လူဦးရေက ၅၄,၁၀၁,၂၅၃ ယောက် ဖြစ်ပါတယ်။ ပြည်သူ့အင်အားဦးစီးဌာနမှာ အလိုအလျောက် တွက်ချက်တဲ့ စနစ်လည်းရှိပြီး ဒီစနစ်အရ မြန်မာနိုင်ငံ လူဦးရေဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၆ ရက် မနက်ပိုင်းမှာ ၅၄ သန်းပြည့်တယ်လို့ တွက်ချက်ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် အလိုအလျောက်တွက်ချက်တဲ့စနစ်နဲ့ အခုထုတ်ပြန်တဲ့ ခန့်မှန်းစာရင်းအရ ၄ လအတွင်းမှာ လူဦးရေ ၁ သိန်းကျော်ပဲ တိုးလာခဲ့တာပါ။ ၂၀၁၄ ခုနှစ် မတ်လမှာ ကောက်ယူထားတဲ့ သန်းခေါင်စာရင်း  လူဦးရေ ၅၁ ဒသမ ၄ သန်း ကျော်ကို အခြေခံပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့အတွက် ခန့်မှန်း တွက်ချက်ခဲ့တာကတော့ ၅၃ ဒသမ ၃၉ သန်းဖြစ်ပြီး သုံးနှစ်ခွဲ ကာလအတွင်း လူဦးရေ သိန်း ၂၀ နီးပါး (၁ ဒသမ ၉ သန်း) တိုးလာတယ်လို့လည်း ခန့်မှန်းတွက်ချက် ထုတ်ပြန်ခဲ့ဖူးပါတယ်။ ၁၉၇၃ ခုနှစ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ ၂၈,၉၁၉,၆၅၀ ရှိခဲ့ပြီး ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၃၅ သန်း ၃ သိန်းကျော်ရှိခဲ့တာပါ။ ၂၀၅၀ ပြည့်နှစ်မှာတော့ မြန်မာနိုင်ငံရဲ့ လူဦးရေ ၆၅ သန်းလောက် ဖြစ်လာမယ်လို့ ပြည်သူ့အင်အား ဦးစီးဌာနက ခန့်မှန်းထုတ်ပြန်ထားပြီး ရန်ကုန်တိုင်းမှာတော့  ၂၀၃၁ ခုနှစ်မှာ လူဦးရေ ၁၀ ဒသမ ၅ သန်းခန့် ရှိလာမယ်လို့လည်း ဖော်ပြထားပါတယ်။ နိုင်ငံတော်အစိုးရနဲ့ ဌာနဆိုင်ရာတွေအနေနဲ့ မူဝါဒနဲ့ စီမံကိန်းတွေ ချမှတ်တဲ့အခါ ဒီလူဦးရေ စာရင်းကို အခြေခံရတာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း မကောက်ယူခင်ကတော့ မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၆၀ ရှိတယ်လို့ အစိုးရက ခန့်မှန်းဖော်ပြသုံးစွဲခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024