တပ်မတော်အရာရှိ မောင်းလာသည့်ကား အမြန်လမ်းတွင် တိမ်းမှောက်၊ ၁ ဦးသေဆုံး
DVB
·
April 1, 2019
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၇၈/၇ အနီးမှာ မတ် ၃၁ ရက်က တပ်မတော် အရာရှိ မောင်းလာတဲ့ အိမ်စီးကား အရှိန်လွန် တိမ်းမှောက်ရာ ကားပေါ်ပါလာတဲ့ ၃ ဦးအနက် ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရသွားတယ်လို့ ပေပင်လေးအမြန်လမ်းရဲစခန်းက ပြောပါတယ်။
အမှတ် ၂၀၂ အမြောက်တပ် သထုံမြို့နေ ဗိုလ်ကြီးဖြိုးဝေစိုး မောင်းလာတဲ့ကားက မိုင်တိုင် ၂၇၈/၇မှာ အရှိန်လွန်ပြီး လမ်းလယ်ကျွန်းကိုကျော်ကာ တဖက်ယာဉ်ကြောမှာ တိမ်းမှောက်ခဲ့တာပါ။ မောင်စိုင်းမြင့်မြတ်ဟိန်း (၅) နှစ်ကတော့ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ပြီး ဗိုလ်ကြီးနဲ့ ဇနီးဖြစ်သူ ဒေါ်နန်းလုရင်တို့ ဒဏ်ရာရခဲ့တယ်လို့ ပေပင်လေးအမြန်လမ်းရဲစခန်း ရဲအရာရှိတဦးက ပြောပါတယ်။
"အရှိန်များတယ်၊ လမ်းလယ်ကျွန်းကို ကျော်ပြီး တဖက်ယာဉ်ကြောမှာ တိမ်းမှောက်သွားတယ်။ ကလေးကတော့ နေရာတင် သေဆုံးသွားတယ်။ ၂ ဦး ဒဏ်ရာရကြတယ်။ မိတ္ထီလာကုတင် ၅၀၀ တပ်မတော်ဆေးရုံကို ပို့ပေးရတယ်။"
ပေပင်လေးအမြန်လမ်းရဲစခန်းမှာ ဗိုလ်ကြီးဖြိုးဝေစိုးကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု၊ သာမန်ဒဏ်ရာရမှု၊ ပြင်းထန်ဒဏ်ရာရမှု ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ တို့နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
သတင်း-မောင်မောင်လင်း