Home
မြန်မာသတင်း
ဗန်းမောက်တွင် ကနန်းတိုင်းရင်းသားပွဲတော် ကျင်းပ
DVB
·
March 22, 2019
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ မန်ကျည်းကုန်းကျေးရွာမှာ ကနန်းတိုင်းရင်းသားတွေရဲ့ ၅၁ နှစ်မြောက် ရိုးရာပွဲတော်ကို မတ် ၂၀၊ ၂၁ ရက်နေ့တွေမှာ ကျင်းပခဲ့ပါတယ်။ ဒီရိုးရာပွဲကို ဗန်းမောက်၊ အင်းတော်၊ ပင်လည်ဘူး၊ မိုးညှင်း၊ ဟုမ္မလင်းစတဲ့ မြို့နယ်တွေက ကနန်းတိုင်းရင်းသားတွေအပြင် ရှမ်း၊ ကဒူး စတဲ့ ဒေသတွင်းက တိုင်းရင်းသားတွေလည်း လာရောက်ဆင်နွှဲနေကြပါတယ်။ ကနန်းတိုင်းရင်းသားတွေရဲ့ ၅၁ နှစ်မြောက်ရိုးရာပွဲကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်မွှေးမွှေးခင်၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်း၊ စစ်ကိုင်းတိုင်းလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီမှ တာဝန်ရှိသူတွေ၊ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေလည်း တက်ရောက်ဖွင့်လှစ်ခဲ့ကြပါတယ်။ ပွဲတော်မှာ ရှေးအစဉ်အဆက်က ကနန်းတိုင်းရင်းသားတွေရဲ့ အသုံးအဆောင် ရိုးရာပြခန်း၊ ဌာနဆိုင်ရာပြခန်းတွေလည်း ပြသထားပါတယ်။ မတ် ၂၀ ရက် ညပိုင်းမှာ ရိုးရာယဉ်ကျေးမှုအကတွေနဲ့လည်း ဖျော်ဖြေတင်ဆက်ခဲ့ပြီး မတ်လ ၂၁ ရက်နေ့မှာတော့ အနယ်အရပ်ရပ်က တက်ရောက်လာတဲ့ ကနန်းကိုယ်စားလှယ်တွေ စုပေါင်းကာ ညီလာခံကိုလည်း ကျင်းပဦးမှာဖြစ်ပါတယ်။ "ကနန်းပွဲတော် လုပ်ရတာက ရိုးရာယဉ်ကျေးမှုတွေ ပျောက်မှာစိုးတာရယ်၊ ဓလေ့တွေ ဖော်ထုတ်ချင်တာရယ်၊ တိုင်းရင်းသားလူမျိုးတခုအနေနဲ့ ရပ်တည်ချင်တာရယ်ကြောင့် ဒီလိုပွဲကို ကျင်းပတာဖြစ်ပါတယ်။ စာပေလည်းပေါ်ထွန်းဖို့ လုပ်နေတယ်" လို့ ပွဲတော်ပြန်ကြားရေးဌာနက ဦးစိုးနိုင်က ပြောပါတယ်။ ကနန်းရိုးရာပွဲက ၅၁ နှစ်ရှိလာပြီဖြစ်ပေမယ့် အစိုးရအသိအမှတ်ပြု ထောက်ပံ့ငွေရပြီး တိုင်းအဆင့်တာဝန်ရှိသူတွေ တက်ရောက်တာက ၄၉ ကြိမ်ကနေ ၅၁ ကြိမ်ထိ ၃ ကြိမ်သာ ရှိသေးတယ်လို့ သိရပါတယ်။ ကနန်းရိုးရာပွဲအတွက် တိုင်းအစိုးရကနေ ကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးအပ်ထားပါတယ်။ ပွဲတော်ကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကနေ ဆန္ဒမဲကောက်ခံကာ ပွဲကျင်းပမယ့် ကျေးရွာတွေ ရွေးချယ်ကြတာဖြစ်ပါတယ်။ ဗန်းမောက်မြို့နယ်မှာ ကျေးရွာအုပ်စု ၇ အုပ်စု၊ ကျေးရွာပေါင်း ၂၄ ရွာ၊ လူဦးရေ ၁၂၀၀၀ ကျော်ရှိပါတယ်။ ကနန်းကျေးရွာတွေက လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လယ်ယာစိုက်ပျိုးရေး၊ အလုပ်အကိုင်ရှားပါးမှု စတဲ့ အားနည်းချက်တွေလည်း ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024