ပဲခူးတိုင်းခရိုင် ၄ ခု ဘတ်ဂျက်မျှမျှတတ ခွဲဝေရန် အတိုင်ပင်ခံပုဂ္ဂိုလ်သတိပေး
DVB
·
March 14, 2019
ပဲခူးတိုင်းဒေသကြီး ခရိုင် ၄ ခုရဲ့ ဘတ်ဂျက်ခွဲဝေချထားမှုအပိုင်းမှာ တိုင်းအစိုးရနဲ့ လွှတ်တော်ပိုင်းအနေနဲ့ မျှမျှတတ ခွဲဝေပေးဖို့ လိုအပ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေး ညွန်ကြားလိုက်ပါတယ်။
မတ် ၁၄ ရက်က ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လူထုတွေ့ဆုံပွဲမှာ ပဲခူးခရိုင်၊ တောင်ငူ၊ ပြည်၊ သာယာဝတီ စတဲ့ လေးခရိုင် ဘတ်ဂျက် ခွဲဝေတာမှ မျှတမှုမရှိဘဲ သာယာဝတီခရိုင်က အနည်းဆုံးဖြစ်နေကြောင်း ဒေသခံတဦးက တင်ပြခဲ့တာပါ။
“ကျနော်တို့ သာယာဝတီခရိုင်ဟာ ခရိုင်လေးခရိုင်ထဲမှာ အနိမ့်ဆုံးနဲ့ ဘတ်ဂျက်ခွဲဝေမှုအရ တက္ကသိုလ်တွေ၊ စက်မှုဇုန်တွေ၊ မြို့ဆောင်လမ်းတွေ စသဖြင့် အခြား ၃ ခရိုင်မှာ အားလုံး ပြည့်ပြည့်စုံစုံရှိပေမယ့် ကျနော်တို့ သာယာဝတီခရိုင်မှာတော့ မရှိပါဘူး။ တက္ကသိုလ်လေး တခုတောင် မရှိပါဘူး။ တိုင်းဒေသကြီးအစိုးရ ၂၀၁၈-၁၉ ဘတ်ဂျက်ခွဲဝေမှုစာရင်းမှာ သာယာဝတီ ခရိုင်ဟာ အနိမ့်ဆုံးနဲ့ ဘတ်ဂျက်ခွဲဝေထားတာ တွေ့ရပါတယ်။”လို့ဒေသခံက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က “ဒီကိစ္စက အစိုးရဘက်ကရော လွှတ်တော်ဘက်ကရော အားလုံးကနေ မျှမျှတတ လုပ်ဖို့လိုပါတယ်။ ကိုယ့်လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အရေးကြီးပါတယ်။ သာယာဝတီအတွက် တက်တက်ကြွကြွ တောင်းပေးရဲ့လား အဲဒါလည်း ကျမတို့ကြည့်ရမှာပါ။ နောက်တခုက အစိုးရဘက်က မျက်နှာလိုက်သလား၊ မလိုက်ဘူးလား ဒါလည်း ကြည့်ရမယ်။ တခုတော့ ကျမသတိပေးမယ်၊ ကိုယ့်မြို့ကိုယ့်ရွာ ဆိုလို့ရှိရင် အထူးမျက်နှာသာ မပေးဖို့လိုပါတယ်။ ဘာလို့လဲဆိုရင် ကိုယ့်မြို့ကိုယ်ရွာမှာ လုပ်ပေးတယ်ဆိုတာ ပြည်သူတွေက အဲဒီလို အထင်ရှိသွားပြီဆိုရင် မကောင်းပါဘူး။ ပြည်သူတွေက မျှမျှတတ လုပ်တယ်ဆိုတာ မြင်မှ ကျမတို့အစိုးရ ထိထိရောက်ရောက် လုပ်နိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် စာရင်းပိုင်းကို ကြည့်လိုက်ရင် တအားကို ထင်ထင်ရှားရှားပဲ သာယာဝတီဘက်က နည်းနေတာကတော့ ကျမတို့ တွေ့ရပါတယ်။ ကျမတို့ မျှမျှတတဖြစ်အောင် လုပ်သွားပါမယ်”လို့ ပြောပါတယ်။
ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝန်းသိန်းကတော့ ဘတ်ဂျတ်ခွဲဝေရာမှာ အစိုးရပိုင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး လိုအပ်ချက်ရှိတဲ့ နေရာတွေမှာ ပိုသုံးစွဲခဲ့တာလို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက် အထူးရဟတ်ယာဉ်နဲ့ ပြည်မြို့ကို လာရောက်ခဲ့ပြီး သရေခေတ္တရာ ရှေးဟောင်းဇုန်ကိုလည်း လှည့်လည်ကြည့်ရှုခဲ့ပါတယ်။
ဒါ့အပြင် ပြည်မြို့ရှိ ကုတင် ၅၀၀ ဆန့် ဆေးရုံကြီးကို သွားရောက်ကြည့်ရှုခဲ့ကာ မြို့တော်ခန်းမမှာ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံခဲ့သလို ဒေသခံပြည်သူတွေရဲ့ တိုင်စာပေါင်း၁၇၅ စောင်ကို လက်ခံယူသွားပါတယ်။
မွန်းလွဲပိုင်းမှာတော့ အထူးရဟတ်ယာဉ်နဲ့ သာယာဝတီမြို့ကို ဆက်လက်သွားရောက်ခဲ့ တာဖြစ်ပါတယ်။