Home
မြန်မာသတင်း
တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို ထောင်ဒဏ် ၁၅ နှစ်ထိချနိုင်သည့် အဂတိလိုက်စားမှုဥပဒေဖြင့် အရေးယူ
DVB
·
March 11, 2019
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်နဲ့ Global Grand Services (GGS) ကုမ္ပဏီက မန်နေးဂျင်းဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နဲ့ ဦးသူရအုံတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ထားဝယ်ရဲစခန်းမှာ အမှုဖွင့် အရေးယူလိုက်ပါတယ်။ နေပြည်တော်၊ ရန်ကုန်နဲ့ ထားဝယ်မြို့တွေမှာ စုံစမ်းစစ်ဆေးဖော်ထုတ်ချက်တွေအရ  ခုလို အရေးယူလိုက်တာလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က မတ်လ ၁၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။ ၂၀၁၆ ဧပြီလ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် တည်ဆောက်ရေးလုပ်ငန်း၊ ၂၀၁၆  နိုဝင်ဘာလက ထားဝယ်တက္ကသိုလ်ဝင်းအတွင်း ချုံနွယ် ရှင်းလင်းတဲ့ လုပ်ငန်းနဲ့ ထားဝယ်လေယာဉ်ကွင်း အပြင်ဘက် ချုံနွယ်ရှင်းလင်းတဲ့ လုပ်ငန်းတွေအတွက် တိုင်းအစိုးရက ထိုက်သင့်တဲ့ တန်ဖိုးမပေးဘဲ F-22 Sunny  ဆောက်လုပ်ရေးကုမ္ပဏီကို တာဝန်ပေးဆောင်ရွက်စေခဲ့တယ်လို့ဆိုပါတယ်။ ၂၀၁၆ ဒီဇင်ဘာလ ၁၅ ရက်မှာတင်ဒါခေါ်ယူခြင်း၊ အစိုးရအဖွဲ့ အစည်းအဝေးမှာ အတည်ပြု ဆုံးဖြတ်ခြင်းတို့မရှိဘဲ ထားဝယ်လေယာဉ်ကွင်းအတွင်း ချုံနွယ်ရှင်းလင်းတဲ့ လုပ်ငန်းတခုတည်းကို ခွင့်ပြုငွေ ကျပ်သိန်း ၄၀၀၀ နဲ့ ဝန်ကြီးချုပ်ရဲ့ ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး F-22 Sunny ကုမ္ပဏီကို တိုက်ရိုက်ခွင့်ပြုဆောင်ရွက်စေတာဟာ တံစိုးလက်ဆောင်ကို အဖွဲ့အစည်းအတွက် ရယူခြင်းဖြစ်လို့ ဒေသပေါက်ဈေးနဲ့ နှိုင်းယှဉ် တွက်ချက်ပါက နိုင်ငံတော်ဘဏ္ဍာငွေတွေ နစ်နာဆုံးရှုံးရတယ်လို့ ကော်မရှင်ကဆိုပါတယ်။ ဒါ့အပြင် ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်ဟာ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းတွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်ခြင်းမရှိဘဲ လမ်းဦးစီးဌာနကို တလုံးတခဲတည်း ငွေကျပ် ၁.၉ ဘီလီယံခန့် ထုတ်ယူဖို့ အခွင့်အရေး ပေးအပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလလောက်မှာ  တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးကို ၀န်ကြီးချုပ်ရဲ့ ခင်ပွန်း ဦးထွန်းမင်းက ဦးမြင့်ဟို အမည်နဲ့ ဝယ်ယူထားတဲ့ ထားဝယ်မြို့ ဆေးရုံလမ်းနဲ့ ဂေါ်သဇင် လမ်းထောင့်ရှိ အိမ်အမှတ် (၁၀၆၈) နဲ့ (၁၀၇၀) မြေကွက် နှစ်ကွက်ကို အုတ်ခြံစည်းရိုး ကာရံပေးဖို့ စေခိုင်းခဲ့ရာ ငွေကျပ်သိန်း ၁၄၀ ကျော် ကုန်ကျခဲ့ကာ စုံစမ်းစစ်ဆေးရာမှာ ယင်းငွေကို ပြန်လည်ပေးချေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။၊ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်ဟာ မိသားစုပိုင် သရက်ချောင်းမြို့နယ်၊ မြို့မရပ်၊ မြိတ်-ထားဝယ် ကားလမ်း၊ အိမ်အမှတ် (၆)ရှိ နှစ်ထပ်နေအိမ်နဲ့ ဝိုင်းမြေကို ကာလတန်ဖိုး ကျပ် ၃၂၀ သိန်းကျော်ခန့်သာ တန်ဖိုးရှိပေမယ့်  ကျပ်သိန်း ၂၀၀၀ နဲ့ GGS ကုမ္ပဏီကို ရောင်းချခဲ့တာ၊ သရက်ချောင်း ငါးလေလံဈေးတည်ဆောက်တာ၊ ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးတာ၊ ထားဝယ်မြို့ ခြင်းလုံးရုံ တည်ဆောက်တာ၊ ပုလောမြို့ မြို့တော်ခန်းမ တည်ဆောက်တာ၊ ထားဝယ်နဲ့ မြိတ်မှာ ခြောက်ခန်းတွဲ လေးထပ် တန်ဖိုးနည်း အငှားအိမ်ရာ ၄ လုံး တည်ဆောက်တာ၊ နေပြည်တော်မှာ တနင်္သာရီတိုင်း ဧည့်ရိပ်သာနဲ့ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်တာ လုပ်ငန်းတွေကို GGS ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပြုခဲ့ပြီး အခွင့်အရေးပေးခဲ့ တယ်လို့ ဆိုပါတယ်။ နေအိမ်ကို ဝယ်ယူသူ ဦးသူရအုံဟာ GGS ကုမ္ပဏီနဲ့  အကျိုးစီးပွား ဆက်စပ်ဆောင်ရွက်သူ ဖြစ်ပြီး ကုမ္ပဏီအထွေထွေမန်နေဂျာဖြစ်ကြောင်း၊ GGS ကုမ္ပဏီက တာဝန်ရှိသူတွေဖြစ်တဲ့  ဦးသိန်းထွေး၊ ဦးအောင်မြတ်နဲ့ ဦးသူရအုံ တို့ဟာ အိမ်နဲ့ မြေကို ကာလ တန်ဖိုးထက် ၆ ဆလောက် ပိုတဲ့ တန်ဖိုးနဲ့ ဈေးပိုပေး ဝယ်ယူခဲ့ပြီး အကျိုးအမြတ် ရရှိမယ့် လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ရရှိခဲ့ကြတယ်လို့ ကော်မရှင် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ထားဝယ်ခရိုင်မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရောင်းချခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၆ ဒီဇင်ဘာ ၆ ရက်က ချုပ်ဆိုခဲ့ရာမှာလည်း စစ်ဆေးတဲ့အချိန်အထိ သဘာဝဓာတ်ငွေ့ဖိုး ကျပ်သန်း ၈၀၀၀ ကျော်ကို တာဝန်ရှိတဲ့ GGS ကုမ္ပဏီဘက်က ပေးချေဖို့ ပျက်ကွက်တဲ့အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက စိုက်ထုတ်ကျခံခဲ့ရလို့ နိုင်ငံတော်ဘဏ္ဍာငွေတွေ ထိခိုက်နစ်နာဆုံးရှုံးမှုရှိကြောင်း စစ်ဆေးတွေ့ရှိရလို့ အဆိုပါလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့တဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ GGS ကုမ္ပဏီမှ ဦးသိန်းထွေးနဲ့ ဦးအောင်မြတ်တို့မှာ အဂတိလိုက်စားမှုနဲ့ ငြိစွန်းကြောင်း တွေ့ရှိရတယ်လို့ ကော်မရှင်က ဆိုပါတယ်။ ဒ့ါကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅၊ GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နဲ့ ဦးသူရအုံတို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ နဲ့ အမှု ၄ မှုခွဲပြီး အရေးယူဖို့  ထားဝယ်မြို့မရဲစခန်မှာ မတ်လ ၁၀ ရက်က တိုင်ကြားချက်ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူဖို့ ကော်မရှင်က ဆောင်ရွက်နေပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ မည်သူမဆို အဂတိလိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခံရပါက ၁၅ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024