အကျဉ်းသား ၁၇၀ ကျော် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆို
ပိုင်စိုး
·
March 6, 2019
ဒီကနေ့စတင်ကျင်းပနေတဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ နိုင်ငံတ၀န်း အကျဉ်းထောင်တွေကနေ အကျဉ်းသားအကျဉ်းသူ ၁၆၄ ယောက်၊ အချုပ်သား ၇ ယောက် စုစုပေါင်း ၁၇၀ ကျော် ဝင်ရောက်ဖြေဆိုနေတယ်လို့ အကျဉ်းဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ရန်ကုန်နဲ့ မန္တလေး ဗဟိုအကျဉ်းထောင်တွေက တထောင်မှာ ၇၁ ယောက်စီ ဖြေဆိုကြ ပါတယ်။ လွိုင်ကော် အကျဉ်းထောင်မှာ ၄ ယောက်၊ ဘားအံ အကျဉ်းထောင်မှာ ၁၅ ယောက်၊ တောင်ငူထောင်မှာ ၄ ယောက်၊ မြိတ်ထောင်နဲ့ ကသာထောင်မှာ ၂ ယောက်စီ၊ သရက်နဲ့ မုံရွာထောင်မှာ ၁ ယောက်စီ ဖြေဆိုနေကြပါတယ်။
မန္တလေး အိုးဘိုထောင်မှာ အမျိုးသမီးအကျဉ်းသူ ၁၂ ယောက် ဖြေဆိုနေပြီး အင်းစိန်ထောင်မှာ အကျဉ်းသူ ၃ ယောက် ဖြေဆိုနေပါတယ်။ မနှစ်က ဖြေဆိုသူ စုစုပေါင်း ၁၀၄ ယောက်ပဲ ရှိတာကြောင့် ဒီနှစ်မှာတော့ သိသိသာသာ စံချိန်တင်များလာတာပါ။
ပြီးခဲ့တဲ့နှစ်က အကျဉ်းထောင်တွေကနေ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီး ၃ ဘာသာဂုဏ်ထူးနဲ့ အောင်မြင်သူ ၅ ယောက် အပါအဝင် ဂုဏ်ထူးရှင် ၂၈ ယောက်ရှိပြီး စုစုပေါင်း ၄၇ ယောက် အောင်မြင်ခဲ့ပါတယ်။
အကျဉ်းထောင်တွေမှာ အခြေခံပညာအဆင့်နဲ့ အဝေးသင်တက္ကသိုလ်တက်နေတဲ့ အကျဉ်းသားပေါင်း ၃၀၀ လောက်ရှိတယ်လို့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဦးမင်းထွန်းစိုးက ပြောပါတယ်။