ဖျာပုံမြစ်အတွင်း သစ်မှောင်ခို စက်လှေ ၂ စီး ဖမ်းမိ
DVB
·
February 25, 2019
ဖျာပုံမြစ်အတွင်း တရက်တည်း တရားမဝင် ပျဉ်းကတိုးသစ် သယ်ဆောင်လာတဲ့ သစ်မှောင်ခို စက်လှေ ၂ စီး ဖမ်းမိခဲ့ပါတယ်။
ဖျာပုံမြို့ မြို့မရဲစခန်း၊ မြို့နယ်သစ်တောဦးစီးဌာန၊ အေးသာယာကျေးရွာအုပ်ချုပ်ရေးမှူး ပူးပေါင်းရေးအဖွဲ့ ဖေဖော်ဝါရီက ၂၃ ရက်နေ့ ညနေပိုင်းက ဖျာပုံမြစ်ကြောင်းအတွင်း ပိတ်ဆို့ရှာဖွေရာကနေ ဖမ်းဆီးမိခဲ့တာပါ။
ဖျာပုံမြို့နယ်၊ အေးသာယာကျေးရွာအနီး ဖျာပုံမြစ်အတွင်း မောင်းနင်းလာတဲ့ ပဲထောင်စက်လှေတစီးအား မသင်္ကာလို့ ခေါ်ယူစစ်ဆေးရာ စက်လှေပေါ်မှာ တရားမဝင် သယ်ဆောင်လာတဲ့ ပျဉ်ကတိုးသစ်နဲ့ အခြားသားသစ်ဆိုဒ်အစုံ ၅ တန် စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။
စက်လှေပေါ်ပါ ဦဇော်ဌေး၊ ဦးအောင်ကျော်မင်း၊ ဦးအောင်မင်းတို့ သုံးဦးအား စစ်ဆေးခဲ့ရာ အခြားစက်လှေ တစီးပါရှိကြောင်း သိရလို့ ဖျာပုံမြစ်အတွင်း ဆက်လက်ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။
ည ၆ နာရီခွဲအချိန်လောက် ပင်လယ်ထွက်ပေါက်ဝမှာ တည်ရှိတဲ့ ကနိကျေးရွာအုပ်စုအနီး ဖျာပုံမြစ်အတွင်း မောင်နင်းလာတဲ့ ပဲထောင်စက်လှေတစီး ထပ်မံတွေ့ရှိခဲ့ပါတယ်။ စက်လှေပေါ်မှာ ဦးထွန်းလွင်၊ ကိုအောင်ခန့်ကြွယ်၊ ဦးအောင်ကိုဝင်းတို့နဲ့အတူ တရားမဝင် ပျဉ်းကတိုးသစ် အပါအ၀င် အခြားသားသစ်ဆိုဒ်အစုံ ၈ တန်လောက်ကို ထမ်မံ သိမ်းဆည်းရရှိရပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖျာပုံမြို့မ ရဲစခန်းက သစ်တောဥပဒေပုဒ်မ ၄၂/(က) နဲ့ အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ကျော်စိုးမိုး