Homeမြန်မာသတင်း
ဦးကိုနီအမှုစီရင်ချက် လိုအပ်ချက်များရှိ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သီးခြား စစ်ဆေးရန်လို
ဦးကိုနီအမှုစီရင်ချက် လိုအပ်ချက်များရှိ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သီးခြား စစ်ဆေးရန်လို
DVB
·
February 16, 2019
ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး စီရင်ချက်ချရာမှာ လိုအပ်တာတွေ ရှိနေသလို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရပါ သီးခြားစစ်ဆေးကြားနာဖို့ လိုတယ်လို့ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်းက ထုတ်ပြန်ပါတယ်။
အထွေထွေအတွင်းရေးမှူး ရှေ့နေ ဦးသိန်းသန်းဦးက “ဦးကိုနီကို လူစည်ကားတဲ့ နိုင်ငံတကာလေဆိပ် လူပုံအလယ်မှာ နေ့ခင်းကြောင်တောင် သတ်ပြတာက ပြည်သူတွေကို ထိတ်လန့်တုန်လှုပ်ခြောက်ခြား သွားအောင်ရယ်၊ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဝတ္တရားတွေကို မလုပ်ရဲအောင်ပေါ့။ ဦးကိုနီလုပ်နေတဲ့ အလုပ်မျိုးတွေကို ဆက်မလုပ်ရဲအောင်ခြိမ်းခြောက်တဲ့ သဘောဖြစ်လို့ ၂၀၁၄ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၁၃ နဲ့ ကိုက်ညီတယ်ဗျ” လို့ ပြောပါတယ်။
အသင်းရဲ့ ထုတ်ပြန်ချက်မှာလည်း အဲဒီ ဥပဒေပုဒ်မ ၂ အရ စီရင်ပိုင်ခွင့်ရှိတဲ့အမှုဖြစ်ပြီး လူသတ်မှုနဲ့ အမျိုးအစားမတူတဲ့ သီးခြားပြစ်မှုကျူးလွန်တာလို့ ဆိုပါတယ်။
ပြီးတော့ တရားခံကြည်လင်းဟာ လေဆိပ်မှာ ဦးကိုနီကို ကြိုတင်ကြံရွယ်ချက်နဲ့ သေဒဏ်ထိုက်တဲ့ လူသတ်မှု ကျူးလွန်ထွက်ပြေးနေတုန်း ကိုနေဝင်းကို ပစ်သတ်တာဖြစ်လို့ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၁(ဂ) မြောက်နေပါလျက် ၃၀၂(၂) အရ ပြစ်မှုထင်ရှား တွေ့ရှိတာမှာ အငြင်းပွားစရာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲအရ ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုမှာ ဇေယျာဖြိုးဟာ အရေးပါသူဖြစ်တယ်လို့ ဖော်ပြချက်နဲ့ တရားရုံးသက်သေခံ ဖုန်းမှတ်တမ်းတွေအရ တရားခံပြေး အောင်ဝင်းခိုင်နဲ့ အကြိမ်ပေါင်းများစွာ ဆက်သွယ်ထားတာညတွေ ထင်ရှားနေလျက်နဲ့ ရာဇသတ်ကြီး ပုဒ်မ ၂၀၁ အရ ပြောင်းလဲအပြစ်ပေးတာဟာ စွဲချက်တင်ထားတဲ့ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁(ခ)/၃၄ အရ အပြီးအပြတ်လွှတ်လိုက်တာ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
ဒီပုဒ်မနဲ့ အပြစ်ပေးတာမှာတောင် ထောင်ဒဏ် ၅ နှစ်ပဲ ချမှတ်တာဟာ တတိုင်းပြည်လုံး တုန်လှုပ်ချောက်ခြားစေခဲ့တဲ့ ကြိုတင်ကြံစည် အကွက်ချကျုးလွန်တဲ့ အမှုမှာ ပါဝင်သူတယောက်ကို အလွန်သက်ညှာတယ်လို့ အများပြည်သူက ထင်မြင်စရာရှိတယ်လို့ ဆိုပါတယ်။
ဦးသိန်းသန်းဦးက “ကျနော်တို့က သူတို့ကျန်နေတဲ့ အချက်တွေကို ထောက်ပြတာ။ ဥပမာအားဖြင့် ဇေယျာဖြိုးမှာ မှတ်ပုံတင် ၄ ခုမိတယ်လို့ ပြောတယ်။ အဲဒါနဲ့ပတ်သက်လို့ လဝက က အရေးမယူဘူးလား။ ဘာဖြစ်လို့ အရေးမယူတာလဲ။ နောက်တခါ အောင်ဝင်းခိုင်က ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံပြေးဖြစ်တယ်။ တရားခံပြေးဆိုရင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇ အရ သူ့ကို ဝရမ်းထုတ်ရမယ်။ ၈၈ အရ အဲဒါမှ မလာဘူးဆိုရင် သူ့အိမ်ကို ချိပ်ပိတ်တာတို့၊ ဝရမ်းကပ်တာတို့ လုပ်ရမယ်။ အဲဒါတွေ ဆောင်ရွက်ထားတာ ကျနော်တို့ မတွေ့ရဘူး” လို့ ပြောပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဖို့ကို တရားစွဲအဖွဲ့အစည်းက အမှုသစ်ဖွင့်ရမယ်လို့လည်း သူက ဆက်ပြောပါတယ်။
လွတ်လပ်သောရှေ့နေများအသင်းဟာ ဥပဒေကြောင်းဆိုင်ရာ သုံးသပ်တွေ့ရှိတဲ့ အစီရင်ခံစာကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ဆီ တင်သွင်းသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံးက ကြည်လင်းကို မသေမချင်းကြိုးကွင်းစွပ်သေဒဏ်နဲ့ထောင်ဒဏ် အနှစ် ၂၀၊ အောင်ဝင်းဇော်ကို မသေမချင်းကြိုးကွင်းစွပ်သေဒဏ်၊ ဇေယျာဖြိုးကို ထောင်ဒဏ် ၅ နှစ်နဲ့ အောင်ဝင်းထွန်းအား ၃ နှစ် ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့တာပါ။