Homeမြန်မာသတင်း
လွိုင်ကော်ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ် ပြန်လည်ရုပ်သိမ်းပေးရန် ရန်ကုန်တွင်ဆန္ဒပြတောင်းဆို
လွိုင်ကော်ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ် ပြန်လည်ရုပ်သိမ်းပေးရန် ရန်ကုန်တွင်ဆန္ဒပြတောင်းဆို
နော်နိုရင်း
·
February 12, 2019
လွိုင်ကော်ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်ကို ပြန်လည်ရုပ်သိမ်းပေးဖို့နဲ့ ကယားပြည်နယ်မှာ လူထုဆန့်ကျင်ကန့်ကွက်နေတဲ့ကြားက ဗိုလ်ချုပ်ကြေးရုပ်တုကို စိုက်ထူလိုက်တာ လူထုကို စော်ကားရာ ရောက်တယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ဒီကနေ့ ရန်ကုန်မှာ ဆန္ဒပြပွဲပြုလုပ် ပြောကြားလိုက်ပါတယ်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်ကို ဆန့်ကျင်ကန့်ကွက်နေကြတဲ့ ကရင်နီလူငယ်တွေကို အားပေးထောက်ခံတဲ့အနေနဲ့ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့လယ် မဟာဗန္ဓုလ ပန်းခြံမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက စုရုံးဆန္ဒပြခဲ့ကြပါတယ်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုမိုးဃ်သွေးက “လူထုမကြိုက်တဲ့ကိစ္စ၊ သူတို့ လက်မခံတဲ့ ကိစ္စပေါ့။ သူတို့ရဲ့ အမှတ်လက္ခဏာအရ လွမ်းမိုးခံရတယ်လို့ ယူဆရတဲ့ကိစ္စ၊ အဲဒီဟာကြီးကို တမင်ထားတယ်ဆိုတာအဲဒီ လူထုကို သွားစော်ကားနေတာနဲ့အတူတူပဲ။ ရိုးရိုးလေးပဲ ကျနော်တို့ ဒီ ဗန္ဓုလပန်းခြံထဲမှာ ကျနော်တို့လက်မခံတဲ့ ရုပ်တုတခုလာထားမယ်ဆိုရင် ကျနော်တို့ လက်မခံ နိုင်ဘူး။ ဆိုလိုချင်တာက သူတို့အမှတ်ပညာပဲ သူတို့ဖြစ်ချင်တာပဲ။ ဒီလိုပဲ ကရင်နီပြည်နယ် မှာလည်း သူတို့ရဲ့အမှတ်သညာပဲ သူတို့ထားချင်မှာပေါ့။ မဆိုင်တဲ့ အမှတ်သညာတွေ ဘာလို့ သွားထားရမှာလဲ။ ဒါမျိုးက အဓိပ္ပါယ်မရှိဘူးလို့ ကျနော်မြင်တယ်။”
ကယားပြည်နယ် ၀န်ကြီးချုပ်နဲ့ ကယားပြည်နယ်အစိုးရအနေနဲ့ လက်ရှိတည်ထားပြီးဖြစ်တဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို ပြန်လည်ရုပ်သိမ်းသင့်တယ်လို့လည်း ပြောပါတယ်။
ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ်ဆန့်ကျင် ဆန္ဒပြမှုကြောင့် လတ်တလော ဖမ်းဆီးခံရသူတွေ လွတ်မြောက်ရေးအမြန်ဆုံး လုပ်ဆောင်ပေးဖို့၊ အန်အယ်ဒီ အစိုးရအနေနဲ့ ဒေသခံလူထု မလိုလားတဲ့ ဒီလုပ်ရပ်ကို ရပ်ဖို့နဲ့ ဒီကိစ္စ တာဝန်ယူ လုပ်ဆောင်နေသူတွေကို တားဆီးပေးဖို့လည်း တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
ဒီကနေ့မနက် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်ဆန္ဒပြသူတွေကို ပြည်နယ်ရဲတပ်ဖွဲ့က မီးသတ်ပိုက်နဲ့ ရာဘာကျည်တွေကို သုံးပြီး လူစုခွဲ ဖြိုခွင်းခဲ့ရာမှာ လူငယ် ၂၀ကျော် ထိခိုက်ဒဏ်ရာရသွားပါတယ်။