ရေးမြို့ ငရုတ်ကောင်းဈေးကွက် ထက်ဝက်ကျဆင်း
DVB
·
February 3, 2019
မွန်ပြည်နယ် ရေးမြို့နယ်ရှိ ငရုတ်ကောင်းဈေးကွက်မှာ ပြီးခဲ့နှစ်ထက် ဈေးထက်ဝက်လောက် ကျဆင်းနေတဲ့အတွက် တွက်ခြေမကိုက်ကြဘူးလို့ တောင်သူတွေက ပြောပါတယ်။
အရင်နှစ်တွေက ငရုတ်ကောင်းတွေ ဈေးကွက်မှာ စတင်ဝင်ရောက်လာတဲ့ အချိန်ကစပြီး ၁ ပိဿာ အဖွင့်ပေါက်ဈေးက ၁ သောင်းကျော်အထိ ရရှိနေပေမယ့် အခုနှစ်အဖွင့်ဈေးက ၅၀၀၀ ကျပ်နဲ့ ၆၀၀၀ ကျပ်အထိသာရရှိပါတယ်။
ဈေးကောင်းမရတဲ့အပြင် ရာသီဥတုကြောင့် အထွက်နှုန်းတွေလည်း ကျဆင်းနေတယ်လို့ တောင်သူ ဦးစောလွင် က ပြောပါတယ်။
ရေးဒေသထွက် ငရုတ်ကောင်းတွေကို ပြည်တွင်းဖြစ်တဲ့ ရန်ကုန်ပွဲရုံကနေတဆင့် အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလာဒေးရှ်နယ်စပ်အထိ တင်ပို့နေပြီး ကုန်ပစ္စည်း လက်ကျန်ကိုသာ အရောင်းအဝယ်ဖြစ်နေကြပြီး အခုထွက် ငရုတ်ကောင်းကို ဈေးကွက်မှာ အဝယ်နည်းနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ငရုတ်ကောင်းတွေ ဈေးကောင်းမရတာအပြင် ဈေးကွက်မျာ ပြီးခဲ့တဲ့နှစ်ထက် အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။
သတင်းနှင့် ဓာတ်ပုံ - နေနေ