Home
မြန်မာသတင်း
ဘန်ကောက်တွင် ၀န်ချီကရိန်းကျိုးကျ၍ ၅ ဦးသေဆုံး ၊ မြန်မာ ၁ ဦး အပါအ၀င် ၅ ဦးဒဏ်ရာရ
နန်းမြနဒီ
·
January 24, 2019
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ယန်နာဝါနယ်မြေ ဖရလမ်းဆာမ်လမ်းပေါ်ရှိ ဆောက်လက်စ ၃၅ ထပ် ကွန်ဒိုမီဒီယမ်တိုက်တလုံးမှာ ၀န်ချီကရိန်းစက်ကျိုးကျပြီး ထိုင်းအလုပ်သမား ၅ ဦးသေဆုံးကာ  မြန်မာအလုပ်သမား ၁ဦး အပါအ၀င် ၅ ဦး ဒဏ်ရာရသွားပါတယ်။ မနေ့နေ့လည်ပိုင်းကအလုပ်သမားတချို့ဟာ ၀န်ချီစက်ပေါ်တက်ပြီး ဆောက်လက်စ တိုက်ရဲ့ ၁၃ လွှာပေါ်ကနေ ၁၄ နဲ့ ၁၅ လွှာကို ကွန်ကရက်ခင်းဖို့ ပြင်ဆင်နေစဉ် ၀န်ချီစက်က ကျိုးကျပြီး အလုပ်သမားတွေ သေဆုံးဒဏ်ရာရခဲ့တာလို့ ဘန့်ဖိုးဖန်းနယ်မြေရဲစခန်း တာဝန်ကျ ဒုစခန်းမှူးက သတင်းထောက်တွေကို ပြောပါတယ်။ သေဆုံးသူ ၅ ဦးက ထိုင်းအလုပ်သမားတွေဖြစ်ကြပြီး ဒဏ်ရာရသူထဲမှာတော့ ထိုင်း ၄ ဦးနဲ့ အသက်၃၉ နှစ်ရွယ်ရှိ မင်းဦးဆိုသူ မြန်မာအလုပ်သမား တဦးပါဝင်ပါတယ်။ ဒဏ်ရာရသူတွေဟာ လောလောဆယ် ကျရိန်းကုန်းပချားရတ်ဆေးရုံမှာ တက်ရောက်ဆေးကုသမှု ခံယူနေပါတယ်။ သူတို့ထဲက အလုပ်သမား ၁ ဦးကတော့ ကရိန်းရဲ့ အဖျားပိုင်းမှာရှိနေလို့ ကယ်ဆယ်ရေး အဖွဲ့တွေက အချိန် ၂ နာရီခန့်ကြာအောင် စွန့်စားပြီး ကြိုးစားကယ်တင်ခဲ့ရပါတယ်။  အဆိုပါ အလုပ်သမားဟာ ကရိန်းပေါ်ရှိနေစဉ် စကားအနည်းငယ်ပြောဆိုနိုင်ပေမယ် အရိုးတွေကြေပြီး သွေးထွက်များတာကြောင့် မကြာခင်သေဆုံးခဲ့ရပါတယ်။ အဆိုပါကရိန်းဟာ အမြင့် ၆၀ မီတာခန့်ရှိပြီး အလုပ်သမားတွေဟာ  မြင့်မားလှတဲ့ တို က်ပေါ် တထပ်ပြီးတထပ် ဆောက်လုပ်နိုင်ဖို့ ကရိန်းကိုလည်း အဆိုပါတိုက်ရဲ့ အမြင့်နဲ့အညီ တဆင့်ပြီးတဆင့် ထပ်ဆက်ရကြောင်း၊ ကရိန်းကိုဆက်ရာမှာ နောက်ထပ် ကရိန်းတခုကို အသုံးပြုဆက်ရတာဖြစ်ပြီး ကရိန်းဆက်နေစဉ် သံပေါင်ကို မတော်တဆထိခိုက်မိကာ ကျိုးကျလာတာလို့  မျက်မြင်အလုပ်သမားတဦးက ပြောပါတယ်။ အဆိုပါဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်သမား ၁၀၀ ကျော် အလုပ်လုပ်နေပြီး အ ခင်းဖြစ်ချိန်ဟာ နေ့ခင်းထမင်းစားနားချိန်ဖြစ်ကြောင်းနဲ့ ပုံမှန်အလုပ်ချိန်ဆိုရင် ဒီထက်မက ထိခို က်ဒဏ်ရာရသူများနိုင်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အခင်းဖြစ်ပြီးနောက် ဘန်ကောက်မြို့တော်ဝန်နဲ့ တာဝန်ရှိသူတွေ လာရောက်စစ်ဆေးရာ မှာ အဆိုပါကရိန်းကို တခြားကုမ္ပဏီတခုကနေ ငှားရမ်းလာတာဖြစ်ပြီး ခွင့်ပြုချက်တောင်းဖို့  ပျက်ကွက်နေကြောင်း၊ ဒါကြောင့် ဥပဒေအရအရေးယူခံရလိမ့်မယ်လို့ မြို့တော်ဝန်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024