ဒေါ်နန္ဒမာလာ၏ အာမခံလျှောက်ထားမှု လှိုင်မြို့နယ်တရားရုံး ပယ်ချ
ရန်နိုင်ဇော်ဝင်း
·
January 7, 2019
ငွေကြေးလိမ်လည်မှုတွေနဲ့ တရားစွဲခံထားရတဲ့ ဒေါ်နန္ဒမာလာရဲ့ အာမခံလျှောက်ထားမှုကို လှိုင်မြို့နယ်တရားရုံးက ပယ်ချလိုက်ပါတယ်။
ဇန်နဝါရီ ၇ ရက်နေ့ မနက်ပိုင်းက ရုံးထုတ်ခဲ့ပြီးနောက် အာမခံလျှောက်ထားမှုကို ပယ်ချလိုက်တာပါ။
ဒေါ်နန္ဒမာလာကို ငွေကြေးသိန်းပေါင်းများစွာ လိမ်လည်မှုတွေနဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ လှိုင်မြို့နယ်နဲ့ မန္တလေးတိုင်း မဟာအောင်မြေတရားရုံးတွေမှာ တရားစွဲဆိုထားတာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့ မဟာအောင်မြေ တရားရုံးကတော့ ဒေါ်နန္ဒမာလာကို အာမခံပေးခဲ့ပါတယ်။
ယောဂီ ဒေါ်နန္ဒမာလာဟာ လူတချို့ဆီကနေ ငွေကြေး ကျပ်သိန်း ၁၀၀၀၀ ကျော် လိမ်လည်မှုနဲ့ ရန်ကုန်၊ မန္တလေးမှာရှိတဲ့ ရဲစခန်းတွေက ဖမ်းဝရမ်းထုတ်ပြီး တရားခံပြေးအဖြစ် သတ်မှတ် ကြေညာခံထားရပြီးနောက် ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင် ၂၈၄ မှာ ဇန်နဝါရီ ၂ ရက်က သူစီးနင်းလိုက်ပါလာခဲ့တဲ့ ကိုယ်ပိုင်ယာဉ်ကို ရပ်တန့်ရှာဖွေခဲ့ရာက ဖမ်းဆီးရမိခဲ့တာလည်းဖြစ်ပါတယ်။
အသက် ၄၆ နှစ်အရွယ်ရှိ ယောဂီဝတ် နန္ဒမာလာဟာ ဓာတ်ရိုက်ဓာတ်ဆင်၊ အကြားအမြင်တွေနဲ့ နာမည်ကျော်ကြားနေသူလည်းဖြစ်ပါတယ်။
လာမယ့် ဇန်နဝါရီ ၁၅ ရက်နေ့ လှိုင်မြို့နယ်တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်မှာဖြစ်ပြီး အာမခံပေးမပေး ထပ်မံအမိန့်ချမှာလည်းဖြစ်ပါတယ်။