လက်နက်ကြီးကျသဖြင့် ဘူးသီးတောင်မြို့နယ် မြိုမချောင်းရွာလုံးကျွတ် ထွက်ပြေး
DVB
·
January 7, 2019
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မြိုမချောင်းကျေးရွာနားမှာ လက်နက်ကြီးကျလာလို့ ရွာသားတွေ စိုင်းဒင်တံတားနီးရှိ ကြာညိုပြင်ကျေးရွာကို မနေ့ မနက်ပိုင်းက ထွက်ပြေးလာကြပါတယ်။
ကြာညိုပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးက “တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး။ ဘယ်က ပစ်မှန်း မသိတဲ့ လက်နက်ကြီးရွာအနီးကို ကျလာလို့ ကြောက်လို့ ထွက်ပြေးလာကြတာပါ။ မနေ့ကလည်း ရွာအနီးကို ကျတယ်၊ ဒီနေ့လည်း ကျတယ်ဆိုတော့ ကြောက်လန့်ကြတာပေါ့လေ”လို့ပြောပါတယ်။
မြိုမချောင်းရွာမှာ အိမ်ခြေ ၁၇ အိမ်၊ လူဦးရေ ၈၄ ဦးသာနေထိုင်ကြတာ ဖြစ်ပြီး ထွက်ပြေးလာတဲ့ အိမ်ထောင်စု စုစုပေါင်း ၁၆ စုနဲ့ လူဦးရေ ၆၄ ယောက်ရှိကာ ရွာမှာတော့ ရွာသား သုံးလေးယောက်လောက်သာ ကျန်နေခဲ့တယ်လို့ ဆိုပါတယ်။
ကြာညိုပြင်ကျေးရွာမှာကတော့ ဘူးသီးတောင်နဲ့ ၇ မိုင်ကျော်ဝေးတယ်တဲ့ နေရာမှာ တည်ရှိပြီး အိမ်ခြေ ၆၉ အိမ် လူဦးရေ ၃၂၀ ဦး နေထိုင်ကြပါတယ်။
ဒီဇင်ဘာ ၁၀ ရက် မနက် ၁၁ နာရီ ကျော်လောက်ကလည်း စိုင်းဒင်ချောင်းရိုးရှိ မြိုမချောင်းကျေးရွာမှ ကင်းတောင်ကျေးရွာသို့ မြန်မာတပ်မတော်က စက်လှေနဲ့ စစ်ကြောင်း ဆင်းလာစဉ် မြိုမချောင်းကျေးရွာ တောထဲကနေ အေအေက ခြုံခို တိုက်ခိုက်ခဲ့လို့ စက်လှေမောင်းတဲ့ အရပ်သားတဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဗညား