Home
မြန်မာသတင်း
မြန်မာ့လူ့အခွင့်အရေးအခြေအနေ ထုတ်မပြောခဲ့သည့်အပေါ် ဝေဖန်မှုများကို တွစ်တာစီအီးအို တုံ့ပြန်
DVB
·
December 13, 2018
အင်တာနက်လူမှုကွန်ရက်စာမျက်နှာတခုဖြစ်တဲ့ တွစ်တာစီးအီးအို ဂျက်ခ်ဒေါ်စီရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း လူ့အခွင့်အရေးအခြေနေတွေကို ထုတ်ဖော်မပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက သွားရောက်ခဲ့တဲ့ အဲဒီခရီးစဉ်အတွင်းမှာ သူက ပြင်ဦးလွင်မြို့က တရားစခန်းမှာ ၁၀ ရက်ကြာ ၀ိပဿနာတရားစခန်းဝင်ခဲ့ပြီး ဒီအတွေ့အကြုံတွေကို တွစ်တာပေါ်မှတဆင့် ပို့စ်တွေ ဆက်တိုက်ရေးသားမျှဝေခဲ့တာပါ။ အဲဒီပို့စ်တွေထဲမှာတော့ မြန်မာနိုင်ငံရဲ့ အစားအသောက်တွေ၊ အလှအပတွေ၊ နိုင် ငံသားတွေကို တွေ့မြင်ရတာဟာ စိတ်ချမ်းသာစရာကောင်းပြီး သွားရောက်လည်ပတ်ကြဖို့ တိုက်တွန်းထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စတွေကို ဖော်ထုတ်မပြောဆိုပဲ နေခဲ့တဲ့အတွက်  အားပေးရာရောက်တယ်ဆိုပြီး လူ့အခွင့်အရေး စောင်ကြည့်သူတွေနဲ့ တွစ်တာသုံးစွဲ သူတွေက ဝေဖန်နေကြတာလည်း ဖြစ်ပါတယ်။ ဂျက်ခ်ဒေါ်စီကတော့ “မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာအရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေအပေါ် သိထားပေမယ့် ခုလိုလည်ပတ်တာ၊ မြန်မာပြည်သူတွေနဲ့ စကားပြောဆို ဆက်ဆံတာတွေက (ဒီပြဿနာတွေအပေါ်) အားပေးထောက်ခံတာမျိုးမဟုတ်ပါဘူး။ ဒါကို အသားပေးမပြောခဲ့တာက လစ်လျူရှူထားဖို့ ရည်ရွယ်တာလည်း မဟုတ်ပါဘူး။ ကျနော့်အနေနဲ့ ဒီကိစ္စတွေကို သိဖို့ ပိုပြီးလေ့လာဖို့ လိုအပ်နေသေးလို့ပါ” လို့ ပြောပါတယ်။ သူဟာ ကာလရှည်ကြာ တရားအားထုတ်ခဲ့သူဖြစ်ပြီး ဗုဒ္ဓဘာသာနိုင်ငံတနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကို မိမိသဘောဆန္ဒအလျောက်သာ လာရောက်လည်ပတ်ခဲ့တာလို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်က အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်က နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ရာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဘင်္ဂါလီ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင် ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024