Home
မြန်မာသတင်း
အမျိုးသမီးနှစ်ယောက်အား သေနတ်ဖြင့်ပစ်ပြီး ထွက်ပြေးသူ ၂ ဦးကို ဖမ်းမိ
DVB
·
December 9, 2018
ပန်းတောင်းမြို့နယ်မှာ အမျိုးသမီးနှစ်ယောက်ကို သေနတ်နဲ့ပစ်ပြီး ထွက်ပြေးသူ ၂ ယောက်ကို နေ့တဝက်အချိန်အတွင်း ဖမ်းမိခဲ့ပါတယ်။ ဒီဇင်ဘာလ ၈ ရက် နေ့လယ် ၁၂ နာရီလောက်က ပန်းတောင်းမြို့နယ် မိုင်တိုင်အမှတ် ၂၂/၇ နဲ့ ၂၃ ကြားမှာ မိန်းကလေး နှစ်ယောက်ကို သေနတ်နဲ့ပစ်ပြီး ထွက်ပြေးသွားသူ ၂ ယောက်ကို အဲဒီနေ့ည ၁၂ နာရီ ထိုးလောက်က ပန်းတောင်းမြို့နယ် ရွာသစ်ကုန်းကျေးရွာမှာ သတင်းအရ ပိတ်ဆို့ရှာဖွေစောင့်ဆိုင်းစဉ် ဖမ်းမိခဲ့တာပါ။ ပန်းတောင်းမြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုး ကျော်ဆန်းက “သူတို့နှစ်ယောက်က ဗောဓိ ၁၀၀၀ ဘုရားကုန်းပေါ်မှာ တွေ့ခဲ့ကြပြီး ငွေပြတ်နေလို့ ဆိုင်ကယ်လိုက်ခိုးရင်းနဲ့ ကောင်မလေးတွေရဲ့ ဆိုင်ကယ်ကို သေနတ်ပြပြီး လုဖို့လုပ်တာ၊ တကယ်လည်း ပြစ်မှု ဖြစ်သွားပါတယ်။ သူတို့ ၂ ယောက်က သေနတ်ကို ဖိုးဦးတောင်ဘုရားကုန်းပေါ်က ကားပါကင်ဘေးမှာ ဖွက်ထားတာ။ ညနေ ၃ နာရီထိုးမှာ သေနတ်ကို ရှာတွေ့တာ။ အခု ပန်းတောင်းရဲစခန်းမှာ ဖမ်းထားပါပြီ။ အခုလောလောဆယ်တော့ ပုဒ်မ ၃၀၇ လူကို သေစေအောင် လက်နက်နဲ့ပစ်ခတ်မှုနဲ့ အမှုဖွင့် ထားပါတယ်။ နောက်ပြီး သူတို့မောင်းနှင်လာတဲ့ Louja ဆိုင်ကယ်ကလည်း ခိုးလာတဲ့ဘီးဖြစ်တယ်။ အဲဒီ ခိုးမှုကလည်း တမှုတည်း မဟုတ်ဘူး။ အဲဒီအတွက် ဆက်လက်စစ်ဆေးရဦးမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ မနေ့က အခင်းဖြစ်ပွားတာကို မျက်မြင်တွေ့ရှိသူ ပြောင်ကျ ကျေးရွာနေ ဦသိန်းဦးက “အဲဒီနေ့က ကံမမြို့ဘက်ကနေ ဆင်တဲဘက်ကို ကောင်မလေး ၂ ယောက် ဆိုင်ကယ်နဲ့ပြန်လာစဉ်မှာ ပထမသေနတ်သမားက ချိန်ပြီး ရပ်ခိုင်းတာကို မရပ်ဘဲ မောင်းနှင်သွားတာကြောင့် နောက်ကလိုက်ပြီး ကောင်မလေးတွေကို ကျော်အောင် မောင်းနှင်ပြီး ရှေ့ကနေ သေနတ်နဲ့ ပစ်ချလိုက်တာဖြစ်ပါတယ်။ အဲဒီမှာ ရှေ့ကမောင်းနှင်လာသူ မပပဝင်းရဲ့ ယာဘက်ရင်အုံကို ထိမှန်ခဲ့ပါတယ်။ ဒါပေမယ့် ဆိုင်ကယ်က ဆက်မောင်းနှင်သွားတာကြောင့် သေနတ်နဲ့ပစ်သူ နှစ်ယောက်လည်း ကံမမြို့ဘက်ကို ဆိုင်ကယ်ဆက်မောင်းသွားကြတာ” လို့ ပြောပါတယ်။ သူတို့ ၂ ယောက်ထဲက ပြည်မြို့ လက်ခုပ်ပင်ကျေးရွာနေသူ သီဟစိုး အသက် ၁၈ နှစ်က တူမီးသေနတ်ယူလာတာဖြစ်ပြီး သေနတ်နဲ့ ပစ်သူက ဝင်းကိုအောင် ၁၇ နှစ် ကျီးပင်ကျေးရွာနေသူဖြစ်ပါတယ်။ သေနတ်နဲ့အပစ်ခံရသူ  ကြာအင်းကျေးရွာမှာနေထိုင်တဲ့ မပပဝင်းကို ပြည်ဆေးရုံကြီးကနေ ရန်ကုန်ဆေးရုံကို ပို့ဆောင်ကုသထားတယ်လို့ သိရပါတယ်။ ပြစ်မှုကျူးလွန်သူ ၂ ဦးထဲက သီဟစိုးဟာ အရင်ကလည်း လက်နက်မှုနဲ့ အဖမ်းခံရဖူးတယ်လို့ ပန်းတောင်း ရဲစခန်းက သိရပါတယ်။ မင်းညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024